ထိုင်းစစ်တပ်အကြီးအကဲက အစိုးရအိမ်တော်ကို မသုံးဘဲ စစ်တပ်ဌာနချုပ်တွင်သာ ရုံးထိုင်မည်

ပို့စ်တင်ချိန် - 6/03/2014 11:55:00 AM



ဘန်ကောက်-  ထိုင်းအာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးအမျိုးသားကောင်စီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည် ကြားဖြတ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာပြယုဂ်ဖြစ်သည့် အစိုးရအိမ်တော်ကိုဌာနချုပ်အဖြစ် အသုံးမပြုဘဲ စစ်တပ်ဌာနချုပ်၌သာအုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ရတ်ချာဒမ်နွန်နော့ခ်ရိပ်သာရှိ စစ်တပ်ဌာနချုပ်မှပင် အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲသွားမည်ဟု ဆိုသည်။

ထိုင်းအစိုးရအိမ်တော်မှာ ယင်လပ်အစိုးရအား ဆန့်ကျင်သည့်ဆန္ဒပြသမားများ၏ ပိတ်ဆို့ဆန္ဒပြမှုများကြောင့် ပိတ်ထားရသည်မှာ ခြောက်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် ပြီးခဲ့သည့်တစ်ပတ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သန့်ရှင်းရေးနှင့် ပြင်ဆင်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး အသင့်ပြန်လည်အသုံးပြုနိုင် သည့် အခြေအနေရောက်နေပြီဖြစ်သည်။ အိမ်တော်သို့ပြောင်းရွှေ့ရုံးးထိုင်မည့်သူများတွင် ဝန်ကြီးချုပ်ရုံးဝန်ထမ်းများနှင့် လက်ရှိစစ်ကောင်စီ(NCPO) ၏လက်ထောက်အကြီးအကဲ အဒူလ်ဆန်ဆင်ကော်တို့ပါဝင်ကြသည် ဆိုသည်။

ဆူသပ်သောင်ဆူဘန်ဦးဆောင်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC)
နှင့် ၎င်း၏မဟာမိတ်အဖွဲ့ထိုင်းပြုပြင်ပြောင်းလဲရေး ပြည်သူနှင့်ကျောင်းသားများကွန်ရက်တို့ မှာ ထိုင်းအစိုးရအိမ်တော်အနီးတွင် စစ်တပ်အာဏာမသိမ်း မီ အထိ သပိတ်စခန်းနှင့် ကွပ်ကဲရေးစခန်းများဖွင့်ခဲ့သည်။

ယင်လပ်ကြားဖြတ်အစိုးရသည် ဆန္ဒပြမှုများအတွင်း ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ရုံးမှနေ၍ စစ်တပ်က အာဏာမသိမ်းမီအထိ အစိုးရလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

—Ref: Bangkokpost

7day