မာရသွန်ပြိုင်ပွဲဝင် ၉၁ အရွယ် အမျိုးသမီး အမေရိကန်စံချိန်ချိုး

ပို့စ်တင်ချိန် - 6/03/2014 05:29:00 PM


ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန်နိုင်ငံ စန်တီယေဂိုမြို့ ရော့ခ်အင်ရိုး မာရသွန်ပွဲကို ၇ နာရီနဲ့ အပြီး ပန်းဝင်တဲ့အထိ ပြေးနိုင်တဲ့ အသက် ၉၁ နှစ်အရွယ် အမျိုးသမီး ဟဲရိယတ် သွမ်ပဆင်ဟာ မာရသွန်ပြေးတဲ့ အသက်အကြီးဆုံး အမျိုးသမီး ဖြစ်ရုံမက သူအသက်အရွယ်ပိုင်းမှာ အမြန်ဆုံးပြေးတဲ့ အမေရိကန်စံချိန်ကိုလည်း ချိုးခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

၂၆ ဒသမ ၂ မိုင်ရှည်တဲ့ မာရသွန်ပွဲကို ပြေးနေစဉ် တခြား သက်ကြီး မာရသွန် အပြေးသမားတွေက ပန်းဝင်အောင် ပြေးနိုင်မယ် မထင်ဘူးလို့ ပြောခဲ့ကြပေမယ့် ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စစ် သွန်ပဆင်က “မာရသွန်တ၀က်ရောက်ချိန် ၁၇ မိုင်လောက်မှာ ပြေးရ ခက်သထက် ခက်လာတယ်၊ တနေရာမှာတော့ ငါ လုပ်နိုင်မယ်ဆိုတာ မသေချာဘူးလို့တောင် တွေးမိတယ်။ ဒါပေမယ့် မိုင် ၂၀ ကို ရောက်လာချိန်မှာ ၂၀ ကနေ ၂၆ ကို ရေတွက်ရတာ ပျော်လာတယ်။ နောက်ဆုံးမိုင်က အပျော်ဆုံး ပြေးရတဲ့ အချိန်ပဲ” လို့ ပြောပါတယ်။

မစ္စစ်သွမ်ပဆင်က သူနဲ့ သူသူငယ်ချင်းတွေဟာ ကင်ဆာတိုက်ဖျက်ရေး ရန်ပုံငွေအတွက် ၁၉၉၉  ခုနှစ်တည်းက စပြီး မာရသွန်ပွဲတွေမှာ ပြေးခဲ့တာလို့ ပြောပါတယ်။

သူကိုယ်တိုင်က လူကီးမီးယားနဲ့ လင်ဖိုးမားရောဂါ ခံစားနေရတဲ့ လူ့အဖွဲ့အစည်းအတွက် ရန်ပုံငွေရအောင် မြှင့်တင်ပေးနေသူ ဖြစ်ပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ် ချားလော့တ်မြို့ဇာတိ မစ္စစ်သွမ်ပဆင်အတွက် ဒီမာရသွန်ဟာ သူပြေးခဲ့တဲ့ ၁၅ ကြိမ်မြောက် မာရသွန်ပွဲ ဖြစ်ပါတယ်။


DVB Burmese