၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မသမာမှု မလုပ်ခဲ့ဟု ကာတာ,တာဝန်ရှိသူများ ငြင်းဆန်၊ အပြစ်ရှိကြောင်း သက်သေပြနိုင်ပါက အိမ်ရှင်ပြန်လည်ရွေးချယ်ရန် FA ဥက္ကဋ္ဌတောင်းဆို

ပို့စ်တင်ချိန် - 6/03/2014 11:07:00 AM

(၂၀၂၂ အိမ်ရှင် ကာတာနိုင်ငံအမည်ကို ဘလတ္တာ ကြေညာနေစဉ်(ပုံကြီး)၊ အိမ်ရှင်ပြန်လည်ရွေးချယ်ရန် တောင်းဆိုခဲ့သည့် ဂရက်ဒိုက် (ပုံသေး) (Photo:AFP))



၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ကော်မတီက မိမိတို့အနေဖြင့် ယင်းပြိုင်ပွဲအား လက်ခံကျင်းပခွင့်ရရန် မရိုးမသား ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။

ဗြိတိန်ထုတ် The Sunday Times သတင်းစာက အာရှဘောလုံးအဖွဲ့ချုပ် (AF) ဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဟောင်း ဘင်ဟမ်းမန်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရန် ဒေါ်လာငါးသန်း လာဘ်ပေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ ဘင်ဟမ်းမန်းမှာ အာဖရိကနိုင်ငံများရှိ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများအား တစ်ဦးလျှင် ဒေါ်လာနှစ်သိန်းစီနှင့် ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာအား ဒေါ်လာ ၁ ဒသမ ၆ သန်း လာဘ်ပေးခဲ့ပြီး ယင်းသို့ပြုလုပ်ခဲ့သည့် အထောက်အထားများ၊ အီးမေးလ်များနှင့် ငွေလွှဲပြောင်းခြင်းဆိုင်ရာ အချက်အလက်များ ရရှိထားကြောင်း The Sunday Times က ဖော်ပြခဲ့သည်။ ထို့ကြောင့် ၂၀၂၂ ပြိုင်ပွဲကျင်းပရေး ကော်မတီက မိမိတို့အနေဖြင့် စည်းမျဉ်းများအား ချိုးဖောက်ခဲ့ခြင်း မရှိသလို ဘင်ဟမ်းမန်းမှာလည်း ပြိုင်ပွဲကျင်းပခွင့်ရရန် ကြိုးပမ်းသည့်အဖွဲ့တွင် ပါဝင်ခြင်းမရှိကြောင်း တုံ့ပြန်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၂၀၁၈ နှင့် ၂၀၂၂ အိမ်ရှင်ရွေးချယ်ရာ၌ မသမာမှု ရှိခဲ့သည်ဆိုသည့် သတင်းများကြောင့် ဖီဖာစုံစမ်းရေးကော်မတီက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ဇွန် ၂ ရက်တွင် အိုမန်နိုင်ငံ၌ ၂၀၂၂ ပြိုင်ပွဲကျင်းပရေးကော်မတီ အကြီးတန်းတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဥက္ကဋ္ဌ ဂရက်ဒိုက်ကလည်း ကာတာအနေဖြင့် မသမာမှု ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်နိုင်ပါက ယင်းပြိုင်ပွဲ အိမ်ရှင်နိုင်ငံအား မဲပေး၍ ပြန်လည်ရွေးချယ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref:AFP



Eleven Media Group