မန်ချက်စတာယူနိုက်တက်တွင် ရေရှည်စီမံကိန်း မရှိကြောင်း မိုယက်စ် ဖွင့်ဟ

ပို့စ်တင်ချိန် - 6/03/2014 01:00:00 PM


ဧပြီလက အိုးထရတ်ဖို့ဒ်မှ ထွက်ခွာပြီးနောက် နှုတ်ဆိတ်နေခဲ့သည့် ဒေးဗစ်မိုယက်စ်က မန်ချက်စတာယူနိုက်တက်၏ ရေရှည်စီမံကိန်း အစီအစဉ်များ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ်သည် အိုးထရတ်ဖို့ဒ်တွင် တာဝန်ယူခဲ့စဉ်က မန်ချက်စတာယူနိုက်တက်မှာ ပရီးမီးယားလိဂ်၌ အဆင့် ၇ သို့ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

ထို့နောက် မိုယက်စ်က ယူနိုက်တက် အသင်းလူစာရင်းကို ကိုင်တွယ်ရန် အချိန်ထပ်မရခဲ့ခြင်းသည် ကံမကောင်းခြင်းပင် ဖြစ်ကြောင်း၊ မိမိကို ထုတ်ပယ်ခဲ့ခြင်းသည် အသင်း၏ ရေရှည်စီမံကိန်း အဆုံးသတ်သွားခြင်းပင် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့်ကို မန်နေဂျာ အနေနဲ့ အချိန်ပေးပြီး ထောက်ခံအားပေးခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ယူနိုက်တက် အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ အခုလို အပြောင်းအလဲတွေ ဖြစ်သွားတဲ့ အတွက် အသင်းအနေနဲ့ ကျေနပ်သဘောကျနေမှာပါ။ ဒါဟာ အသင်းရဲ့ ရေရှည်စီမံကိန်း အစီအစဉ်တွေ အဆုံးသတ်သွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အတွက် အသင်းကို ကိုင်တွယ်ဖို့ အချိန်ထပ်မရတာကတော့ ကံဆိုးမှု တစ်ရပ်ပါပဲ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယူနိုက်တက် မန်နေဂျာ အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် အသင်းသစ်ကို ကိုင်တွယ်ရန် သို့မဟုတ် အနားယူရန် မစဉ်းစားရသေးကြောင်း မိုယက်စ်က ဆိုခဲ့သည်။

“အသင်းက ထွက်ခွာခဲ့ပြီးတဲ့နောက် အရမ်းကောင်းတဲ့ ကမ်းလှမ်းမှုအချို့ကို ကျွန်တော် ရရှိခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ကမ်းလှမ်းမှုတွေ အတွက် တံခါးဖွင့်ထားဆဲပါ။ နောက်ပြီး ကျွန်တော့်ရဲ့ မန်နေဂျာ ဘဝကို ယူကေ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ ပြန်လည်စတင်ဖို့ကိုလည်း စဉ်းစားနေပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ကာလတစ်ခုအထိ အနားယူပြီး ကမ္ဘာတစ်ဝန်းက ဘောလုံးပွဲတွေကို သွားကြည့်ချင်ပါတယ်။ သေချာတာကတော့ ဘောလုံးလောကထဲ ဆက်လက်ဝင်ရောက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိကို ထောက်ခံအားပေးခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်ကို ကျေးဇူးတင်ကြောင်း၊ ၎င်း၏ အကြံဉာဏ်များကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်း အကောင်အထည် ဖော်ခဲ့ကြောင်း မိုယက်စ်က ဆိုခဲ့သည်။

“ကျွန်တော် ဆာအဲလက်စ် ဖာဂူဆန်နဲ့ လန်ဒန်မှာ မကြာခဏ တွေ့ဆုံပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ သူ့ရဲ့ ထောက်ခံချက်ကလွဲပြီး ဘာမှမရရှိခဲ့ပါဘူး။ သူက ကျွန်တော့်ကို အပြောင်းအလဲအချို့ ပြုလုပ်ဖို့ အကြံပေးပါတယ်။ ကျွန်တော်ကလည်း သူ့ရဲ့ အကြံပြုချက်အတိုင်း လိုအပ်တဲ့ နေရာတွေကို အပြောင်းအလဲ လုပ်ပါတယ်။ အချို့ပြောင်းလဲမှုတွေကို သတိထားမိပေမယ့် နောက်ပိုင်းမှာ ပြောင်းလဲမယ့် အစီအစဉ်တွေ အနေနဲ့ သတ်မှတ်ထားခဲ့ပါတယ်” ဟု ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။

Ref: goal
soccer myanmar