အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို

ပို့စ်တင်ချိန် - 6/03/2014 05:16:00 PM


အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။

မေလ ၃၁ ရက်က ကျင်းပသော တော်ဝင်မိသားစု၏ အလက(၄)စမ်းချောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲတွင် တွေ့ဆုံစဉ် မုဒိတာတန်ဖိုးနည်းအိမ်ရာ (၃) စီမံကိန်းဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ မဇ်္ဈိမ၏ မေးမြန်းမှုကို ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ဦးကိုကိုထွေးက “မုဒိတာအိမ်ရာ(၁) နဲ့ (၂)က အခန်းတွေ ရောင်းတာ ကုန်သလောက်ဖြစ်သွားပြီ။ မုဒိတာ အိမ်ရာ(၃)ကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ အခုထိ မုဒိတာ (၃) အတွက် မြေနေရာက အခက်အခဲ ရှိနေတယ်။ ဈေးတက်လာတဲ့ကိစ္စက ရောင်းနိုင်တဲ့အခန်းက နည်းပြီး ၀ယ်မယ့်သူ များနေတယ်။ ဒါကို လိုအပ်တဲ့ ပမာဏအတိုင်း အခန်းများများ ရောင်းနိုင်ဖို့ အစိုးရက ပါဝင်ဖို့ လိုတယ်”ဟု ပြောသည်။

ထို့အပြင် တန်ဖိုးနည်းအိမ်ရာ အများစုသည် စတင်ရောင်းချစဉ်ကပင် ကျပ်သိန်း ရာကျော်နေခြင်းဖြစ်ရာ အခြေခံလူတန်းစားများ ၀ယ်ယူနိုင်ရန် လက်လှမ်းမမီဘဲ ဖြစ်နေပြီး အခြေခံလူတန်းစားများအားလုံး ၀ယ်ယူနိုင်ရန်အတွက်ဆိုပါက သီးခြားစီမံကိန်းများဖြင့် တည်ဆောက်နိုင်ရန် လိုအပ်မည်ဟု ၎င်းက ဆက်ပြောသည်။

ဦးကိုကိုထွေးကပင် “အခြေခံလူတန်းစားတွေ အားလုံးအတွက် ကျပ်သိန်း လေးငါးဆယ်လောက်နဲ့ နေဖို့ အဆင်ပြေတယ်ဆိုတဲ့ အိမ်ရာကုန်ကျစရိတ်ကို တွက်ပြီး ဒီဇိုင်းဆွဲထားတာ ရှိတယ်။ အစိုးရအနေနဲ့တကယ်တမ်း အခြေခံလူတန်းစားအသီးသီးကို တိုက်ခန်းနဲ့နေစေချင်တယ်ဆိုရင် ဖြစ်လာမှာပဲလေ ”ဟု ပြောသည်။

မုဒိတာအိမ်ရာ(၁)နှင့်(၂)တို့၏ အခန်းများ စတင်ရောင်းချစဉ်က အခန်း တစ်ခန်လျှင် ကျပ်သိန်း ၁၅၀ မှ ကျပ် ၁၆၅ သိန်း ၀န်းကျင်ဈေးများဖြင့် ရောင်းချခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် မြေညီထပ်အခန်း ဈေးသည် ကျပ်သိန်း ၇၀၀ ကျော် ၀န်းကျင် ပေါက်ဈေးရှိလာသည်ဟု ဆိုသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က “တရုတ်က မြန်မာနိုင်ငံထက် လူဦးရေ အများကြီး ပိုပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေ အားလုံးနီးပါး တိုက်ခန်း ပိုင်ဆိုင်နိုင်အောင် အစိုးရက စနစ်တကျ လုပ်ပေးနိုင်ခဲ့တယ်။ မြန်မာမှာလည်း အစိုးရအနေနဲ့ တကယ်တမ်းလုပ်ရင် ဖြစ်ပါတယ်။ လယ်ယာတွေနဲ့ ကင်းတဲ့ မြေလွတ်တွေ အများကြီးကို အိမ်ရာစီမံကိန်းတွေဖြစ်အောင် လုပ်ပေးရင် ဖြစ်နိုင်တာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ မုဒိတာအိမ်ရာ(၁) နှင့် (၂) ၊ ဗိုလ်ဗထူးအိမ်ရာနှင့် အခြားသော ဆောက်လုပ်ရောင်းချပြီး တန်ဖိုးနည်း အိမ်ရာများအားလုံး၏ အခန်းအရေအတွက် စုစုပေါင်းမှာ နှစ်သောင်းပင် မပြည့်ခြင်းမရှိသေးရာ ရန်ကုန်မြို့နေ လူဦးရေနှင့်နှိုင်းယှဉ်လျှင် များစွာ လိုအပ်နေသေးသည်။

အခြားတစ်ဖက်တွင်လည်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရတို့က ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလးမြို့တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ လုပ်ဆောင်နေသည့်အပြင် အခြားပြည်နယ်နှင့် တိုင်းတို့ရှိမြို့ကြီးများတွင်ပါ အိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထင်လင်းအောင်| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်
Mizzima Burmese