ဆေးရုံနှင့် ကျောင်းများ၌ Telecenter ပေါင်း ၅ ထောင်ခန့် Ooredoo တည်ဆောက်ပေးမည်

ပို့စ်တင်ချိန် - 6/03/2014 06:25:00 PM


ဆေးရုံနှင့် ကျောင်းများ၌ Telecenter ပေါင်း ၅ ထောင်ခန့်ကို တည်ဆောက်ပေးသွားမည်ဟု Ooredoo Myanmar ၏ CEO ဖြစ်သူ Ross Cormack က ပြောသည်။

အင်တာနက် အသုံးပြုဖူးသူများအတွက် အင်တာနက်စနစ်နှင့် ထိတွေ့အသုံးချနိုင်ရန် Ooredoo က Telecenter များကို တည်ဆောက်ပေးခြင်းဖြစ်သည်။ စီမံကိန်းအရ ၅ နှစ်အတွင်း Center ပေါင်း ၅ ထောင် တည်ဆောက်ပြီးစီးမည်ဖြစ်သော်လည်း ယခုနှစ်ကုန်၌ Center ပေါင်း ၁၀၀ ကို စတင်အသုံးပြုနိုင်မည်ဟု သိရသည်။

Telecenter တည်ဆောက်မည့် တည်နေရာများနှင့် Telecenter ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အဆိုပါ Telecenter များသည် ပြည်သူလူထုအတွက်၏ အိုင်စီတီအသုံးပြုမှု၌ အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု Ooredoo က ကြေညာခဲ့သည်။

Ooredoo သည် မြန်မာအစိုးရထံသို့ လိုင်စင်စတင်လျှောက်ထားစဉ်က Telecenter တည်ဆောက်ပေးရန် ကတိပြုခဲ့ပြီး ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သည့် Telenor သည် အင်တာနက်စနစ်ပါဝင်သည့် Community Center ပေါင်း ၂၀၀ ခန့် တည်ဆောက်ပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။



မြင့်ကျော်လှိုင်

Internet Journal