စောနေတိုးကို ဘီးလင်းတွင်သုံးကြိမ် သွားဖမ်းသော်လည်း မမိသေး

ပို့စ်တင်ချိန် - 6/03/2014 11:52:00 AM


ထရိတ်ဒါး(ဆူးလေရှန် ဂရီလာ)ဟိုတယ်ဗုံးပေါက်ကွဲမှု တွင် အဓိကတရားခံစောနေ
တိုး နေထိုင်သည့် ဘီးလင်းမြို့နယ်နယ်မြေအတွင်းသို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဝင်များသုံးကြိမ်သွားရောက်ဖမ်းဆီးခဲ့သော်လည်း ဖမ်းမမိကြောင်း တရားလိုဖြစ်သူ အလုံမြို့မရဲစခန်းမှူးကပြောသည်။

‘‘စောနေတိုးက ဘီးလင်းမြို့ နယ်ထဲက ဒီကေဘီအေအပိုင်ထဲ မှာရှိနေတယ်။ သတင်းရတာနဲ့ အပိုင်ပြည်နယ်နဲ့ ချိတ်ဆက်ပြီး ရန်ကုန်တိုင်းအနေနဲ့ သွားဖမ်းတာ သုံးခါရှိပြီ။ ဖမ်းမမိသေးဘူး။ မွန် ပြည်နယ်နဲ့ချိတ်ဆက်ဆောင်ရွက် နေပါတယ်’’ဟု အလုံမြို့မရဲစခန်း မှူးဒုရဲမှူးဝင်းနိုင်ကပြောသည်။

  စောနေတိုးအား သွားဖမ်းချိန်တွင် ကေအင်န်ယူနယ်မြေနှင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်း ရှောင်နိုင်သကဲ့သို့ အခြားနေရာ များသို့လည်း ပုန်းအောင်းတိမ်း ရှောင်သွားနိုင်၍ ဖမ်းမမိခဲ့ဘဲ နောက်တစ်ကြိမ်သတင်းရပါက သွားရောက်ဖမ်းဆီးမည်ဟု ဒုရဲမှူးဝင်းနိုင်ကပြောသည်။

 ‘‘အခု သူ့ကိုဘာကြောင့် ဖမ်းမမိသေးတာလဲဆိုတာ တရား သူကြီးပဲမေးမေး၊ ဘယ်သူ့မေး မေး ဘယ်သူမှထုတ်ပြောနိုင်မှာ မဟုတ်ဘူး’’ဟု ကျောက်တံတား မြို့မရဲစခန်းမှူး (ယခုအင်းစိန်မြို့ မရဲစခန်းမှူး)ဒုရဲမှူးမျိုးမြင့်ကြိုင် ကပြောသည်။

အလုံမြို့မရဲစခန်းမှူးက တရားလိုပြုကာ ပေါက်ကွဲစေတတ်သည့်သတ္တုပစ္စည်းဆိုင်ရာ ပုဒ်မ-၃ဖြင့် တရားစွဲထားပြီး ကျောက်တံတားမြို့မရဲစခန်းမှူးက ယင်းပုဒ်မအပြင် အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့၍ ထိခိုက်နာကျင်စေမှုပုဒ်မ ၃၃၈ ဖြင့်ပါ တရားလိုပြု၍ တရားစွဲထားသည်။ ထို့ကြောင့် ထရိတ်ဒါးဟိုတယ်အခန်းအမှတ် (၉၂၁) တွင် ဗုံးမပေါက်ကွဲမီနေ့ကတည်းခိုခဲ့ကာ ဗုံးထောင်ခဲ့သော ဘီးလင်းမြို့နယ် မောထကျေးရွာသားမောထ(ခ) စောမြင့်လွင်၊ စောနေတိုးသွားလို သည့်နေရာများသို့ ကားမောင်းပို့ ပေးခဲ့သူ ဦးဇော်လတ်မောင်နှင့် ကားပိုင်ရှင်ရွှေဖူးရွှေထုတ်လုပ် ရေးကုမ္ပဏီသူဌေးဦးမြဖူးတို့ကို အပတ်စဉ် ရုံးတင်စစ်ဆေးနေ ကြောင်းသတင်းရရှိသည်။

၂၀၁၃ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀မိနစ်က ထရိတ်ဒါးဟိုတယ်တွင် ဗုံးပေါက် ကွဲခဲ့ခြင်းဖြစ်သည်။ အောက်တို ဘာ ၁၃ ရက်ညတွင်လည်း အလုံ မြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက်၊ ကမ်းနားလမ်းရှိ West-ern Park 2(Ruby) စားသောက်ဆိုင်၏ စားပွဲခုံအောက်၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ကိုလည်းတွေ့ခဲ့ရသည်။ ထိုသို့ မပေါက်သေးသည့် ဗုံးတွေ့ရှိမှုနှင့်ဗုံးပေါက်ကွဲမှုကြောင့် အလုံမြို့မရဲစခန်းမှူးနှင့် ကျောက်တံတားမြို့မရဲစခန်းမှူးများက တရားလိုပြုကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

7 Day News Daily