ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု(စ) သုံးသပ်ချက်

ပို့စ်တင်ချိန် - 6/03/2014 05:31:00 PM


၂၀၁၄ ခုနှစ် ဇွန်လ ၁၂ရက်မှာ စတင်ကျင်းပပြုလုပ်မယ့် ကမာ့္ဘဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ နေ့တိုင်း တင်ဆက်ပေးနေရာမှာ ဒီနေ့တော့ အုပ်စု (စ) သုံးသပ်ချက် ဖြစ်ပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တယ်လို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာမှ စတင် ကစားမယ့် ဘော့စနီးယား ဟာဇီကိုဘီးနား၊ အာရှက အီရန်နဲ့ အာဖရိကတိုက်က နိုင်ဂျီရီးယားအသင်း တို့ ဒီအုပ်စုမှာ ပါဝင်နေကြပါတယ်။

ချန်ပီယံအိပ်မက် မက်ခွင့်ရှိနေတဲ့ အာဂျင်တီးနားအသင်းအတွက် အုပ်စုချောင်တယ်လို့ ပြောရမှာပါ။

အိုလံပစ်အားကစားဂျာနယ်အယ်ဒီတာ ကိုဟိန်းသန့်ကလည်း အာဂျင်တီးနား အုပ်စုတက်ဖို့ အခြေအနေအကောင်းဆုံးလို့ ပြောပါတယ်။

“ဒီအုပ်စုက အာဂျင်တီးနားအတွက် သိပ်မခက်ခဲတဲ့ အုပ်စုပါပဲ။ အီရန်ရော၊ ဘော့စနီးယားရော နှစ်သင်းလုံး။ ဘော့စနီးယားဆိုလည်း အခုမှ ခြေစစ်ပွဲအောင်လာတဲ့အသင်းဖြစ်တယ်။ အီရန်ကလည်း အာရှတိုက်က အသင်းဆိုပေမယ့် အာဂျင်တီးနားကို မီနိုင်ဖို့ မလွယ်ပါဘူး။ စောင့်ကြည့်ရမှာကတော့ နိုင်ဂျီးရီးယားတသင်းပဲရှိတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားကလည်း ဒီနှစ် အပြောင်းအလဲတွေ များပြီးတော့ လူငယ်ကစားသမားတွေကို ပိုပြီး အားပြုထားတာများတော့ ဒီလေးသင်းထဲမှာ အခြေအနေ အကောင်းဆုံးကတော့ တောင်အမေရိက အခြေစိုက်အသင်းလည်းဖြစ်တဲ့၊ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ ဒုတိယနေရမှာရှိတဲ့ အာဂျင်တီးနားက အုပ်စုတက်ဖို့ အခြေအနေ အကောင်းဆုံးပါပဲ။

လာမယ့်ဇွန်လ ၁၅ ရက်မှာ ဒီအုပ်စုက အာဂျင်တီးနားနဲ့ ဘော့စနီးယား၊ ဇွန်လ ၁၆ ရက်မှာ အီရန်နဲ့ နိုင်ဂျီးရီးယားတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

DVB Burmese