တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ ဝင်များကို ရိုက်နှက်သူများအား အရေးယူ

ပို့စ်တင်ချိန် - 11/21/2013 02:49:00 PM


နေပြည်တော်၊ နိုဝင်ဘာ ၂ဝ

ယခုလ ၁၇ ရက် ည ၁၁ နာရီက မန္တလေး တိုင်းဒေသကြီးအောင်မြေသာစံမြို့နယ် (၂၆x၈ဝ) လမ်းထောင့်တွင် အောင်မြေသာစံမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင်စိန်နှင့် ရဲတပ်သားဝေယံစိုး တို့နှစ်ဦး ရပ်ကင်းတာဝန်ထမ်းဆောင်နေစဉ် ရိုက် နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူနှစ်ဦးကို အရေးယူထားကြောင်း အောင်မြေသာစံ မြို့မ ရဲစခန်းမှအတည်ပြုသည်။ ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက ဆိုင်ကယ်လီဗာကိုအသံကျယ် လောင်စွာပြုလုပ်ပြီးအော်ဟစ်ဆူညံခြင်းတို့ပြုလုပ် သဖြင့် ရဲတပ်ကြပ်ကြီးတင်စိန်က မပြုလုပ်ရန်နှင့် သွားရာလမ်းအတိုင်းသွားရန် ပြောဆိုစေလွှတ်ရာ အဆိုပါအမျိုးသားနှစ်ဦးက (၂၆)လမ်းအတိုင်း အနောက်ဘက်သို့ထွက်ခွာသွားခဲ့ပြီး ည ၁၁ နာရီ မိနစ် ၂ဝတွင် တုတ်များကိုင်ဆောင်ကာ ပြန်လည် ရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီးတင်စိန်နှင့် ရဲတပ် သားဝေယံစိုးတို့အား ဝင်ရောက်ရိုက်နှက်ကြောင်း သိရသည်။

ထို့နောက် ဆက်သွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ နယ်မြေလှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဝင်များက ရိုက်နှက်သူများကို ဝိုင်းဝန်းဖမ်းဆီး ခဲ့ရာ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် မြို့သစ်နေသူများဖြစ်သော ဖြိုးဝေ (၂၆) နှစ်နှင့် မျိုးမင်းထွန်း(၂၄)နှစ်တို့နှစ်ဦးကို အရှည် သုံးပေ ခန့်ရှိ ထိပ်တွင်သံချွန်များပါသော ၂ x ၁ လက်မ တုတ်တစ်ချောင်းနှင့် ၄င်းတို့ စီးနင်းလာသော ၁ယ/xxxxx ဟွန်ဒါ စူပါကပ်ဆိုင်ကယ် အစိမ်းရောင်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ရဲတပ်ကြပ်ကြီးတင်စိန်မှာ ယာလက်ခုံ ဖူးရောင်ဒဏ်ရာ၊ ရဲတပ်သားဝေယံစိုး တွင် ဝဲ/ယာလက်ဖျံ၊ ဝဲ/ယာ ချိုစောင်းဖူးရောင်၊ ယာနားထင်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ဖြိုးဝေနှင့်မျိုးမင်းထွန်းတို့နှစ်ဦးကို အောင်မြေသာစံ မြို့မရဲစခန်းက (ပ)၅၉၈/၂ဝ၁၃၊ပြစ်မှုပုဒ်မ ၃၃၃ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုကိုလတ် (မန်းတက္ကသိုလ်) - The Union Daily