အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးက ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ဟုဆို

ပို့စ်တင်ချိန် - 11/21/2013 02:52:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၀

အမျိုးသမီးငယ်ကို ဆယ်အိမ်မှူးက မဖွယ်မရာ ပြုလုပ်၍ ဝင်ရောက် တားမြစ်သည့် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးနှင့် လူနှစ်ဦးတို့က လက်ပြန်ကြိုး တုပ်ပြီး ဝါယာကြိုးထုံးဖြင့် ရိုက်နှက်ကာ ထိတ်တုံး ခတ်ခဲ့မှုတစ်ခု ဒဂုံ (မြို့သစ်ဆိပ်ကမ်း) မြို့နယ် အမှတ် ( ၆၇) ရပ်ကွက် ချင်းတွင်းလမ်းသွယ် ၄ တွင် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။

အဆိုပါ လမ်းသွယ်ရှိ ကျူးကျော်တဲတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်နှင့်အတူ ၎င်း၏ညီမ အပါအဝင်လေးဦး အိပ်စက်နေစဉ် အဆိုပါ လမ်းအပိုင် ဆယ်အိမ်မှူး ဦးဆန်းဝင်း ရောက်ရှိလာပြီး ၎င်းတို့အား နှိုးခဲ့ကြောင်း၊ ယင်းနောက် ၎င်းသည် အဆိုပါ ရပ်ကွက်၏ ဆယ်အိမ်မှူး ဖြစ်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး၏ ခန္ဓာကိုယ်ကို မဖွယ်မရာ ပြုလုပ်သောကြောင့် အိမ်တွင် နေထိုင်သူများထဲမှ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မျိုးနိုင်က မပြုလုပ်ရန် ပြောစဉ် ‘ငါ့အကြောင်း သိမယ်’ ဟုပြောကာ ထွက်သွားကြောင်း အဆိုပါ အမျိုးသမီးငယ်၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းနောက် ဆယ်အိမ်မှူး ဦးဆန်းဝင်းနှင့် လူနှစ်ဦးတို့ ရောက်ရှိလာပြီး ယူလာသော ကြိုးဖြင့် မောင်ကျော်မျိုးနိုင်ကို လက်ပြန်တုပ်၍ ဝါယာကြိုးထုံးများဖြင့် ရိုက်နှက်ကာ ဦးဆန်းဝင်း၏ အိမ်ရှေ့လမ်းမပေါ်တွင် ခြေနှစ်ချောင်းကို ထိတ်တုံးခတ်ခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်း၏ ကနဦး စစ်ဆေး တိုင်ကြားချက်အရ သိရှိရသည်။

ယင်းကဲ့သို့ ရိုက်နှက်ကာ ထိပ်တုံးခတ်မှု ဖြစ်ပွားစဉ် အသက် ၁၈ နှစ်အရွယ် အိမ်ရှင် အမျိုးသမီးက ချင်းတွင်းလမ်းအပိုင် ရာအိမ်မှူးကို သွားရောက် အကြောင်းကြားခဲ့ရာ အဆိုပါ ရာအိမ်မှူး ရောက်ရှိလာသောကြောင့် ဆယ်အိမ်မှူး ဦးဆန်းဝင်းက ထိတ်တုံးကို ဖြုတ်ပေးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“မြင်မြင်ချင်း မျက်လုံး ပြူးသွားတယ်။ ဘယ်သူ့ အမိန့်နဲ့ ခတ်တာလဲလို့ မေးတော့ ဘယ်သူ့အမိန့်မှ မပါဘူး။ သူ့သဘောနဲ့ သူခတ်တာလည်းသိရော ပြည်သူလူထုကို ဒီလိုခတ်ခွင့် မရှိဘူး ဆိုတော့မှ ဖြုတ်တာ။ ထိတ်တုံးခတ်ခွင့်ဆိုတာ ဒီဘက်ခေတ်မှာတောင် မရှိတော့ဘူး။ ရဲသာ ခတ်ပိုင်ခွင့် ရှိတာ” ဟု ချင်းတွင်းလမ်းအပိုင် ရာအိမ်မှူး ဦးထွန်းလင်းနိုင်က ပြောကြားသည်။

ယင်းကဲ့သို့ ရိုက်နှက်မှုကြောင့် မောင်ကျော်မျိုးနိုင်၏ ဘယ်ဘက်ပါး၊ ညာပခုံး၊ ညာလက်မောင်း၊ ကျောကုန်းနှင့် ခြေထောက်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“အရိုက်ခံရတဲ့ ကလေးက မျက်နှာမှာ တစ်ချက်၊ ကျောကုန်းမှာ ပွနေတာပဲ။ မတရားဘူးဗျာ၊ ခေတ်လည်း မရှိတော့ဘူး” ဟု အဆိုပါ ရိုက်နှက်မှုကို သွားရောက် စစ်ဆေး ဖမ်းဆီးသူများတွင် ပါဝင်သည့် အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ထိတ်တုံးကို ဆယ်အိမ်မှူး ဦးဆန်းဝင်း မည်သည့်နေရာက ယူဆောင် လာသည်ကို ၎င်းအနေနှင့် မသိရှိကြောင်း၊ လက်တလောတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း အထက်ပါ ရပ်ကွက်တွင်း နေထိုင်သူက ဆိုသည်။

ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ခန့်အပ်ရာတွင် ရပ်ကွက်တွင်း နေထိုင်သူများက ယုံကြည် ကိုးစားရပြီး အကျိုးကို ဆောင်ရွက်နိုင်သူများကို ပြည်သူက ရွေးချယ်ကာ ခန့်အပ်စေလိုကြောင်း အမှတ် (၆၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ခဲ့သူ ဆယ်အိမ်မှူး အပါအဝင် လူသုံးဦးကို ( ပ) ၄၀၇/၁၃၊ ပြစ်မှုပုဒ်မ -၃၅၄/၃၄၂/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly