ယင်လပ်ရှင်နာဝါထရာ အစိုးရ နုတ်ထွက်ရန် ဗန်ကောက်တွင် ဆန္ဒပြသူများက တောင်းဆို

ပို့စ်တင်ချိန် - 11/26/2013 01:34:00 PM


ဗန်ကောက်၊ နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဒုတိယနေ့အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားလျက် ရှိရာ ဆန္ဒပြ လူအုပ်ကြီးသည် ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ ဦးတည်သော လမ်းအတိုင်း ချီတက်ကြသည်။

တနင်္ဂနွေနေ့မှ စတင် လှုပ်ရှားခဲ့ကြသော ဆန္ဒပြသူ ၁ဝဝဝဝဝ ခန့်သည် ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ အစိုးရအဖွဲ့ နုတ်ထွက်ရန် တောင်းဆိုကြသည်။

အငြင်းပွားလျက် ရှိသည့် နိုင်ငံရေး လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကြောင့် ဤလူထုဆန္ဒပြမှုကြီး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

လက်ရှိ ၀န်ကြီးချုပ်၏ အစ်ကိုတော်စပ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အဂတိလိုက်စားမှု အတွက် မည်သည့် ပြစ်ဒဏ်မျှ ကျခံရမှု မရှိစေဘဲ နိုင်ငံတွင်းသို့ ပြန်လာခွင့် ရရှိစေမည့် ယင်းဥပဒေကြမ်းသည် ယခုလ စောစောပိုင်း၌ အထက် လွှတ်တော်တွင် အတည်မပြုခဲ့ပေ။

သို့သော် ယင်းဥပဒေကြမ်းကြောင့် လမ်းမပေါ်၌ ဆန္ဒပြပွဲများ ပြန်လည် ပေါ်ပေါက် လာစေခဲ့သည်။ နိုင်ငံရေး သဘောထား ကွဲပြားသူများကို ဒေါသ ထွက်စေခဲ့သည်။ နိုင်ငံအတွင်း နိုင်ငံရေး မငြိမ်သက်မှုများ ပြန်လည် တွေ့မြင်လာရမည်ကို စိုးရိမ်လာကြသည်။

ယခင်အတိုက်အခံ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်ဟောင်း ဦးစီးသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် တနင်္လာနေ့တွင် အစိုးရရုံးများ၊ စစ်ဌာနချုပ်နှင့် ရုပ်မြင်သံကြားဌာနများသို့ ချီတက်ကြသည်။

တနင်္ဂနွေနေ့တွင် ဗန်ကောက်မြို့ အခြားနေရာများ၌ အစိုးရကို ထောက်ခံသူ ၄ဝဝဝဝ ခန့်ကလည်း ချီတက်ခဲ့ကြသည်။
MOI Webportal Myanmar