လောင်းလုံးရေနံချက်စက်ရုံ စီမံကိန်းကြောင့် ပင်လယ်ကမ်းခြေရွာများတွင် မြေဈေးမြင့်တက်

ပို့စ်တင်ချိန် - 11/26/2013 09:21:00 AM


လောင်းလုံးမြို့နယ်အတွင်းရှိ ရေနံချက်စက်ရုံနှင့် ဆက်စပ်စီမံကိန်းများကြောင့် ပင်လယ်ကမ်းခြေရွာများတွင် မြေဈေးမြင့်တက်လာကြောင်း အိမ်ရာမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။

လောင်းလုံမြို့အနီးတွင် ရေနံချက်စက်ရုံ တည်ဆောက်မည်ဖြစ်ရာ စီမံကိန်းနှင့်ဆက်စပ်တည်ရှိနေသော စက်ရုံစီမံကိန်းဧရိယာအတွင်းတွင် ကျေးရွာခုနစ်ရွာပါဝင်နေပြီး ရေနံချက်စက်ရုံမှ ဆိပ်ကမ်းတည်ဆောက်မည့်နေရာတွင် ပင်လယ်ကမ်းခြေရွာများ ပါဝင်ကြောင်း သိရသည်။

ရေနံချက်စက်ရုံစီမံကိန်း ဆိပ်ကမ်းမြေနေရာသတ်မှတ်ထားသော တီဇစ်နှင့် စမ်းလှမ်းကျေးရွာများတွင် တောင်များကို ခုတ်ထွင်ရှင်းလင်းထားသောမြေနေရာများသည် ယခင်က စိတ်ဝင်စားသူနည်းပါးသော်လည်း အဆိုပါကျေးရွာများ၏ ပထ၀ီအနေအထား၊ ဈေးကွက်အခြေခံကောင်းများရှိခြင်းကြောင့် မြေ၀ယ်ယူမည့်သူများ ပိုမိုစိတ်ဝင်စားလာသည်ဟုဆိုသည်။

““အရင်တုန်းကတော့ ဒီမြေတွေက အသုံးမ၀င်သလိုဘဲ။ အခုကျတော့ ကမ်းခြေဘက်မှာမဟုတ်တာတောင် တစ်ဧကကို သိန်းသုံးရာလောက် ဈေးခေါ်နေကြတယ်””ဟု စမ်းလှမ်းရွာခံတစ်ဦးကပြောသည်။တီဇစ်နှင့် စမ်းလှမ်းအပါအ၀င် ပင်လယ်ကမ်းခြေရွာများသည် ကမ်းခြေနှင့်ကျေးရွာများ တစ်ဆက်တည်းရှိကြသော်လည်း ကမ်းခြေဘက်တွင် ခြံစည်းရိုးများမရှိဘဲ တစ်ဆက်တည်းနေထိုင်ကြသည်က ပိုများသည်။

ယခုအခါတွင် ရေနံချက်စက်ရုံက ဆိပ်ကမ်းတည်ဆောက်ရန် လျာထားသဖြင့် ဒေသခံများသည် တောင်ယာမြေများကို ဦးစားပေးခုတ်ထွင်လာကြသည်ဟု ဆိုသည်။ အဆိုပါမြေနေရာများသည် ကုန်းမြင့်ပိုင်းတွင်ရှိပြီး ကမ်းခြေနှင့် အလှမ်းမဝေးလှသောနေရာများဖြစ်သဖြင့် မြေဈေးများ ပိုမိုမြင့်မားကြောင်း သိရသည်။

““ရေနံချက်စက်ရုံစီမံကိန်းနားမှာက မြေဈေးတွေက ပုံမှန်ပါပဲ။ တချို့ဆိုရင် သိမ်းခံထိမှာ စိုးရိမ်နေကြသေးတယ်။ အဲဒီဘက်မှာကျတော့ ဆိပ်ကမ်းဆောက်လိုက်ရင် အရမ်းဖွံ့ဖြိုးလာမယ်ဆိုပြီး ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဒါပေမဲ့ မြေဈေးတွေက တစ်ဟုန်ထိုးတက်လာတာပါ။ အရောင်းအ၀ယ်တော့ သိပ်မဖြစ်သေးပါဘူး””ဟု ထားဝယ်မြို့မှ ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

အဆိုပါပင်လယ်ကမ်းခြေရွာများသည် လောင်းလုံးမြို့မှ သုံးမိုင်ကျော်သာကွာဝေးပြီး သဘာဝရှုခင်းကောင်းမွန်သောကြောင့် ကမ်းခြေဟိုတယ်များ တည်ဆောက်ရန် တရုတ်လူမျိုးများက ပိုမိုစိတ်ဝင်စားနေကြသည်ဟုဆိုသည်။

7day Daily