ဆူဇူကီးကုမ္ပဏီမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ရဲတပ်ဖွဲ့သုံး မော်တော် ဆိုင်ကယ် အစီးရေ (၁၀၀) လှူဒါန်း

ပို့စ်တင်ချိန် - 11/26/2013 08:58:00 AM


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသုံးပြုရန် အတွက် ဂျပန်နိုင်ငံ၊ ဆူဇူကီးကုမ္ပဏီမှ ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ် အစီးရေ (၁၀၀) လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး၏ အကြံပေးမစ္စတာ အိချိရိုမာရုယာမနှင့် တာဝန်ရှိသူများ၊ ဆူဇူကီး ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ တိုရှိဟိရို ဆူဇူကီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဆူဇူကီး ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက လှူဒါန်းရခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး လှူဒါန်းထားသည့် မော်တော် ဆိုင်ကယ်များ အတွက် ရွှေသော့ကို ပေးအပ်ရာ ဒုတိယဝန်ကြီး ဦးချန်မောင်က လက်ခံ၍ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။

အခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် MICC အဆောက်အအုံ ဥပစာ၌ ခင်းကျင်း ပြသထားသည့် ရဲတပ်ဖွဲ့သုံး ဆူဇူကီး မော်တော် ဆိုင်ကယ်များကို ကြည့်ရှု လေ့လာကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ စီးနင်းမောင်းနှင် သရုပ်ပြသမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မော်တော် ဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် သွားမည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဝင်များ အသုံးပြုနိုင်စေရန် ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ အင်ဂျင်ပါဝါ ပိုမိုကောင်းမွန်သည့် ဆူဇူကီး မော်တော် ဆိုင်ကယ်များကို အသုံးပြုခြင်းဖြင့် ဆူဇူကီး၏ ကောင်းမွန်မှုကို မြန်မာ ပြည်သူများသိရှိနိုင်မည် ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်းဖြင့် ဆူဇူကီးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက အခမ်းအနားတွင် ပြောကြားခဲ့သည်။

MOI Webportal Myanmar