မန္တလေးတွင် မှုခင်းအဖြစ်များသော နေရာများအလိုက် လုံခြုံရေးတင်းကျပ်

ပို့စ်တင်ချိန် - 11/26/2013 06:16:00 PM


မန္တလေး၊ နိုဝင်ဘာ၂၅

မန္တလေးမြို့တော်တွင် နေ့စဉ် ပစ္စည်းယူ လုယက်မှုများ အဖြစ်များလာသဖြင့် မှုခင်းဖြစ်ပွားသော နေရာများကို အဓိကထား၍ လုံခြုံရေးအင်အား တင်းကျပ်စွာချထား ဆောင်ရွက်လျက် ရှိကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

လုယက်မှု အများဆုံး ဖြစ်ပွားခဲ့သော အောင်မြေသာစံ မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် ခရိုင်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ရပ်ကင်း၊ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းများဖြင့် နေ့စဉ် လုံခြုံရေးအင်အား ၁၀၀ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မြို့နယ် နှစ်ခုအပြင် မှုခင်း ဖြစ်ပွားမှုများသော နေရာများတွင်ပါ လုံခြုံရေး တင်းကျပ်မည် ဖြစ်ကြောင်း၊ တရားခံများကို အရပ်ဝတ်များဖြင့် ထောင်ခြောက်ဆင်ကာ ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆက်လက် ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၇၈ လမ်း၊ ၃၈ လမ်းထောင့်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဒေါ်အိအိခိုင်ဇာလင်း ၂၅ နှစ်သည် ညီမဖြစ်သူနှင့် အတူ ဆိုင်ကယ် မောင်းနှင်လာစဉ် အမည်မသိ လူနှစ်ဦး စီးလာသည့် ဆိုင်ကယ်က နောက်မှ ကပ်လိုက်လာကာ ဆိုင်ကယ် နောက်ထိုင်သူ၏ အိတ်ကပ်ကို လှမ်းနှိုက်ရာ မည်သည့်အရာမျှ ပါသွားခြင်း မရှိသော်လည်း မောင်းနှင်လာသည့် အမျိုးသမီး နှစ်ဦး၏ ဆိုင်ကယ်ကို တွန်းလိုက်သဖြင့် ဆိုင်ကယ် လဲသွားကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးက မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်သနည်းဟု မေးရာ ယင်းအမျိုးသား နှစ်ဦးက ဆဲဆိုကာ ဒေါ်အိအိခိုင်ဇာလင်းတို့ ညီမနှစ်ဦးကို ပါးရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ခြေဖြင့် ကန်ခြင်းများ ပြုလုပ်ပြီး ၎င်းတို့၏ ဆိုင်ကယ် နံပါတ်ပြားကို ခေါက်ကာ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း အဆိုပါ ညီအစ်မ နှစ်ဦး၏ တိုင်ကြားချက်များအရ မန္တလေး ခရိုင်ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အိအိခိုင်ဇာလင်းသည် မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် (ပ) ၇၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၉၄/၃၅၆/၂၉၄/၃၂၃ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
“ညနေပိုင်းဆိုရင် လူငယ်တွေက အရက်သောက်ပြီး မူးယစ်ရမ်းကားတာတွေ ရှိတယ်။ သူတို့လည်း လုပ်မိလုပ်ရာကို လုပ်ကြတယ်” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်၊ စံနန်းတော် တိုက်တန်း၊ R နေ ဒေါ်လှလှမြင့်သည် နိုဝင် ဘာလ၂၄ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်ခန့်က ခင်ပွန်း ဖြစ်သူနှင့်အတူ နေအိမ်ရှိ ခွေးများကို လမ်းလျှောက် ထိန်းကျောင်းရာမှ နေအိမ်သို့ ပြန်လာခဲ့ပြီး ဒေါ်လှလှမြင့်က ခွေးများကို နေအိမ်နောက်ဖေး ခွေးလှောင်အိမ်အတွင်း ပို့နေစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံ ကြားသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ ဦးခေါင်း ချိုစောင်း ရိုက်နှက်ခံရကာ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ဆွဲကြိုးတစ်ကုံး၊ တန်ဖိုး ကျပ်သိန်း ၃၀ ကျော်ခန့်သည် ပျောက်ဆုံး သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လှလှမြင့်၏ ခင်ပွန်း ဖြစ်သူကို မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသလျက် ရှိပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် (ပ)၂၀၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၅/၃၈၆ အရ အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုယက်မှု ၇၃ မှု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလမှ အောက်တိုဘာလအထိ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်တွင် ၁၄ မှု၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၄ မှု၊ မဟာအောင်မြေ မြို့နယ်တွင် ၁၃ မှု၊ ချမ်းမြသာစည် မြို့နယ်တွင် ခုနစ်မှု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် သုံးမှု၊ အမရပူရ မြို့နယ်တွင် နှစ်မှု၊ ပြင်ဦးလွင် ခရိုင်တွင် ပြင်ဦးလွင်မြို့နယ်တွင် သုံးမှု၊ မတ္တရာ မြို့နယ်တွင် တစ်မှု၊ မိုးကုတ်မြို့နယ်တွင် တစ်မှု၊ ကျောက်ဆည် ခရိုင် ကျောက်ဆည် မြို့နယ်တွင် နှစ်မှု၊ စဥ့်ကိုင်မြို့နယ်တွင်တစ်မှု၊ မြင်းခြံခရိုင်တွင် တစ်မှု၊ ညောင်ဦးခရိုင်တွင် တစ်မှု၊ မိတ္ထီလာ ခရိုင်တွင် လေးမှု၊ ရမည်းသင်း ခရိုင်တွင်နှစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးတွင် နိုဝင်ဘာလအတွင်း ၂၄ ရက်နေ့အထိ လုယက်မှုလေးမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly