မန္တလေး နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူဟု ယူဆရသူ ၂၄ နာရီအတွင်း ဖမ်းမိ

ပို့စ်တင်ချိန် - 11/26/2013 06:18:00 PM


မန္တလေး၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၈၃x၈၄ လမ်းကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟုဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုတွင် အခင်းဖြစ်ပွားခဲ့သည့် နေအိမ်၌ အဝင်အထွက် ပြုလုပ်သည့် သက်သေခံများ၏ ထွက်ဆိုချက်များဖြင့် ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ နှစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်း ဖြစ်ပွားနေစဉ် အချိန်က အဆိုပါ နေအိမ်တွင် ဆိုင်ကယ် အဝင်အထွက်ရှိသူ နှစ်ဦးနှင့် သွေးပေနေသော ဓားကို စက္ကူဖြင့် သုတ်နေသူကို ဘေးပတ်ဝန်းကျင်က မြင်တွေ့ခဲ့ပြီး အမှုကွင်းဆက် အတိုင်း လိုက်လံဖမ်းဆီး ဖော်ထုတ်ရမိခဲ့ကြောင်း ၎င်းကပြောကြားသည်။
“အဓိကတော့ သေဆုံးသူ ဦးမြင့်သိန်းနဲ့ စကားများပြီး ဖြစ်တာလို့ သိရတယ်။ အဲဒီအချိန်မှာ စကားပြော အဆင်မပြေ ဖြစ်ပြီး ဈေးကနေ ဓားဝယ်လာပြီးနောက် တစ်ခေါက် လာခုတ်တာ။ ဘေးပတ်ဝန်းကျင် ကလည်း ဆိုင်ကယ်နဲ့ အဝင်အထွက်ကို မြင်တယ်။ နောက်ပြီး သွေးပေနေတဲ့ ဓားကို စက္ကူနဲ့ သုတ်နေတာကိုလည်း မြင်တယ်။

ဆိုင်ကယ်စီးတဲ့သူ နှစ်ယောက်၊ တစ်ယောက်က ပိန်ပိန်နဲ့၊ တစ်ယောက်က ခပ်ဝဝဆိုတဲ့ အထောက်အထား တွေကနေတစ်ဆင့် ကျော်ကြီး (၂၄ နှစ်) ကို အခင်းဖြစ်တဲ့နေ့ ကတည်းက ခေါ်ယူ စစ်ဆေးနေတာ။ နောက် ကိုလင်း (၄၁ နှစ်) ကိုတော့ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဖမ်းမိတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။

အဆိုပါ နေအိမ်၌ လောင်းကစားဒိုင် ပြုလုပ်သည် ဆိုသည်ကိုမူ သေချာစွာ ပြော၍ မရသေးကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

ကျော်ကြီး (ခ) ကျော်မျိုးလွင်သည် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ကျ ခဲ့ပြီး ထောင်မှ ထွက်လာသည်မှာ တစ်လခန့်သာ ရှိသေးကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က အခင်းဖြစ်ပွားရာ နေအိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသဖြင့် ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်အတွင်း ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း (၅၀ နှစ်) သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly