Agriculture Leadership Award မြန်မာနိုင်ငံမှ ရရှိ

ပို့စ်တင်ချိန် - 12/07/2013 12:59:00 PM

 စွန့်ပစ် ရေဆိုးများကို လယ်ယာမြေများအတွင်း ပြန်လည်အသုံးပြုနေသည့် စိုက်ပျိုးရေးသမားတဦးကို တွေ့ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း/ဧရာဝတီ)

အရှေ့တောင်အာရှ စိုက်ပျိုးရေးနည်းပညာအသင်းမှ ပေးအပ်ချီးမြှင့်သော အကောင်းဆုံးစိုက်ပျိုးရေး ဦး
ဆောင် ဆုအား မြန်မာနိုင်ငံအနေဖြင့် နှစ် ၁၀၀ အတွင်း ပထမဆုံးအကြိမ် ချီးမြှင့်ခံရသဖြင့် လယ်သမား များကိုယ်စား အတိုင်းမသိ ၀မ်းနည်းဝမ်းသာ ခံစားခဲ့ရကြောင်း ဆုရရှိသူ တောင်သူ လယ်သမား ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်စွာစိုးက ပြောသည်။

“ဒီဆုရတဲ့အကြောင်းကို ကျနော်ဘာဖြစ်လို့ မီဒီယာတွေကို တကူးတကဖိတ်ကြားပြီး ပြောရလဲဆိုတော့ ကျနော်ကြွားချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကို အရင်ကဆို ကမ္ဘာကမသိပါဘူး။ ဘယ်နိုင်ငံကမှလည်း မသိခဲ့ပါဘူး။ အခုဒါဟာနှစ်ပေါင်း ၁၀၀ အ တွင်း မြန်မာနိုင်ငံ ကို အရှေ့တောင်အာရှကပေးတဲ့ဆုဖြစ်တဲ့အတွက် နိုင်ငံပေါင်းစုံသိသွားလို့ ကျနော် အရမ်း ၀မ်းသာလွန်းလို့ ပြောပြချင်လို့ပါ” ဟု ဦးကျော်စွာစိုးက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အား ပြောသည်။

ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ သီရိလကာင်္၊ ဗီယက်နမ်၊ မလေးရှား၊ အီဂျစ်၊ ဖင်လန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်နဲ့ အင်ဒိုနီးရှား အစရှိသော နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ်စားလှယ်အသီးသီးဖြင့် ဖွဲ့စည်းထားသော အဆိုပါ အရှေ့တောင်အာရှ စိုက်ပျိုးရေး နည်းပညာအသင်းမှ ၂၀၁၂ ခုနှစ်မှ စတင်ပြီး အရှေ့တောင်အာရှဒေသတွင်းမှ နိုင်ငံတွေထဲကနေ လယ်ယာမြေ အကျိုးစီးပွားအတွက် လိုက်လံလုပ်ဆောင်နေသူများနှင့် သီးနှံအထွက်တိုးအောင် စမ်းသပ်
ဆောင်ရွက်နေသူများအား ရှာဖွေစိစစ်ပြီး အရည်အချင်းပြည့်မှီသူများကို ဆုချီးမြှင့်ခြင်းဖြစ်သည်။

“နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အဲ့ဒီ အရှေ့တောင်အာရှ စိုက်ပျိုးရေးနည်းပညာအသင်းဖွဲ့မှာ ကျနော်တို့ မြန်မာနိုင်ငံလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေါက်တာ ဥမ္မာမျိုးအောင် ပါဝင်ဆောင်ရွက်ပါတယ်။ နိုင်ငံတကာမှာ ဒီလိုမျိုးဆုတွေပေးတယ်ဆိုတာ ကျနော်မသိသလို ဒီဆုရခဲ့တုန်းက ကျနော်မသိခဲ့ပါဘူး။ ဒီဆုက ကျနော်မမျှော်လင့်ဘဲရခဲ့တာပါ” ဟု ဦးကျော်စွာစိုး က ပြောသည်။

ယင်းကဆက်လက်၍ “ဒီဆုရကြောင်း ကျနော်တို့ပါတီကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဆုယူ ရန်ကြိုတင်ပြင်ဆင်ထားဖို့ အကြောင်းကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကျနော်နဲ့ အတူ
တောင်သူ လယ်သမား ၂၃ ယောက် ထိုင်းနိုင်ငံမှာ ဆုသွားယူခဲ့ပါတယ်။ ဘယ်သူ့ အထောက်အပံ့နဲ့မှ မဟုတ်ဘဲ ကိုယ့်စရိတ်နဲ့ကိုယ်သွားခဲ့ကြတာပါ။ ပထမက ဒီပွဲကို ဖီလစ်ပိုင်မှာလုပ်မလို့ပဲ။ မုန်တိုင်း အခြေအနေကြောင့် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို ကျနော် နဲ့တကွ လယ်သမားတွေလေ့လာခွင့်ရခဲ့တယ်” ဟု ပြောသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စိုက်ပျိုးရေး တက္ကသိုလ်တွင် နိုဝင်ဘာလ ၂၈ ရက်
နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ရေရှည်ဖွံဖြိုး တိုးတက်မှု၊ သိပံ္ပနှင့် နည်း ပညာ ပေါင်းစည်းရေး ညီလာခံတွင် ထည့်သွင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါညီလာခံတွင် မြန်မာနိုင်ငံမှ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး အပါအ၀င် ဖိလစ်ပိုင်နိုင်ငံမှ စိုက်ပျိုးရေးဝန်ကြီးဟောင်း ၀ီလျံဒါ ၊ ထိုင်းနိုင်ငံမှ မစ္စ ပရွန်ဆန်းခါမို၊
တောင်ကိုရီးယားနိုင်ငံမှ မစ္စတာ ဟန်ရောင်ချိုး နှင့် မလေးရှားနိုင်ငံ မှ ဒေါက်တာရာဂျစ်ဘတ်တို့ကိုလည်း စိုက်ပျိုးရေးနှင့် သက်ဆိုင်သော အခြားဆုအသီးသီးကို ပေးအပ်ခဲ့သည်။

“ဆုရရှိတဲ့သူတွေဟာ နိုင်ငံအသီးသီးက ပရော်ဖက်ဆာတွေ၊ သိပ္ပံပညာရှင်တွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်တယ်။ ကျနော်ကတော့ ပညာရှင်မို့လို့ ဆုရတာ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံ ဘာဖြစ်လို့ ဆုရလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ပတ် သက်
ပြီး ပရော်ဖက်ဆာတွေအများကြီးရှိတယ်။ ဒါပေမယ့် ထူးထူးခြားခြားနဲ့ ရွပ်ရွပ်ချွံချွံ တောင်သူလယ်သမားနဲ့ ပတ်သက်ပြီး ပါတီထောင်တာ မြန်မာတစ်နိုင်ငံပဲရှိတယ်။ လယ်သမားအကျိုးစီးပွားတိုးတက်ရေး လုပ် ငန်း
တွေ ဆောင်ရွက်တဲ့ ပါတီထောင်နိုင်လို့ဆုပေးတာဖြစ်တယ်လို့ သိရတယ်။ အဲ့အတွက် အရမ်း ၀မ်းသာ မိပါတယ်” ဟု ဦးကျော်စွာစိုးက ဆိုသည်။

“တပြိုင်နက်တည်းမှာပဲ ကျနော် မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားတွေအားလုံးကိုယ်စား ဒီဆုကိုရရှိတဲ့ အတွက် အတိုင်းမသိဝမ်းသာမိပေမယ့် ကျနော် ၀မ်းလည်းဝမ်းနည်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုရတာဟာ နှစ် ၁၀၀ အတွင်းမှာ ကျနော်တို့အတွက် ပထမဆုံးဖြစ်လို့ပါပဲ” ဟု ယင်းက ထပ်လောင်း
ပြောသည်။

ဆုရရှိခဲ့သူ ဦးကျော်စွာစိုးအား ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ငြိမ်းချမ်းရေးနှင့် လက်နက်လဲလှယ်ရေးအဖွဲ့မှ ယနေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ ဗိုတထောင်မြို့နယ် ၄၇လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ တောင်သူလယ်သမား အများပိုင် ကုမ္ပဏီ လီမိတက် ရုံးတွင် ဂုဏ်ပြုသ၀ဏ်လွှာ ပေးအပ်ခဲ့သည်။

“ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးစိုက်ခင်းတွေ လေ့လာတဲ့ခရီးစဉ်အတွင်း လိုက်ပါလာတဲ့ ကျနော့် လယ်သမားတွေ
ပြောတဲ့ စကားတခွန်းကို ကျနော်အရမ်းခံစားမိတယ်။ ထိုင်းကလယ်သမားတွေ ကျနော်မြန်မာလယ်သမား
တွေ နဲ့ ယှဉ်ရင် အစစအရာရာ အရမ်းကွာခြားတာပဲတဲ့။ အဲ့ဒါဘာလဲဆိုတော့ ထိုင်းနိုင်ငံက လယ်သမားတွေ ကို သူတို့ နိုင်ငံဘုရင်က လမ်းတွေ၊ တံတားတွေ ဖောက်ပေး ဆောက်ပေးပြီး ဖုန်းတွေ၊ ရေသန့်တွေကအစ လူတိုင်းစေ့ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးတဲ့အတွက် အားလုံးကကြွယ်ဝကြတယ်။ ကျနော်တို့ မြန်မာ
နိုင်ငံ က လယ်သမားတွေ ကတော့ ခေတ်အဆက်ဆက်က အုပ်ချုပ်သူအစိုးရတွေ မကောင်းခဲ့တဲ့အတွက် ခုလိုအနေဆင်းရဲ၊ အစားဆင်းရဲရုန်းကန်နေရတယ်။ သူများနိုင်ငံနဲ့ယှဉ်ရင် အများကြီး ကွာခြားနေတယ် ဆိုတာကို သိမြင်ခဲ့ရတယ်” ဟု ဦးကျော်စွာစိုးက ဆိုသည်။

သီဟတိုး
ဧရာဝတီ Myanmar News