City Mart ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှု ရပ်ဆိုင်းထားမည်

ပို့စ်တင်ချိန် - 12/07/2013 09:15:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတွင် ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် City Mart ဆိုင်များ၊ Ocean Super Market နှင့် City Express ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှုကို ကုန်သွယ်မှု မူဝါဒ ပြောင်းလဲလာသည့် အချိန်အထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်တို့ကို တားမြစ် ကုန်စည်များအဖြစ် သတ်မှတ်ထားပြီး ဟိုတယ် လုပ်ငန်းလိုင်စင်နှင့် Duty Free ဆိုင်များကိုသာ တင်သွင်း ရောင်းချ ခွင့်ပြုထားသော်လည်း ဈေးကွက် လိုအပ်ချက်အရ Mart များတွင် ရောင်းချနေရကြောင်း မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။
“ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရမှာက ကျွန်မတို့ရဲ့ စီးပွားရေး လုပ်ငန်းပါ။ အမှန်တကယ်လည်း ဈေးကွက်ထဲမှာ ဝယ်လိုအား ရှိနေတယ်။ ဒါပေမဲ့ အခု Mobile Team တွေရဲ့ စစ်ဆေးမှုတွေ ရှိလာရင် ဖြေရှင်းဖို့ ခက်ခဲတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး အချို့ဆိုင်တွေမှာ မရောင်းတော့ဘူး” ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း တရားမဝင် ကုန်စည်များ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေမှု များကို ရှောင်တခင်နှင့် တိုင်တန်းချက်များအရ ဝင်ရောက် စစ်ဆေး လျက် ရှိပြီး မည်သည့် အချိန်တွင် မည်သည့် နေရာကို မည်သို့ ဝင်ရောက် စစ်ဆေးမည်ကိုမူ ဝန်ထမ်းအင်အား အခြေအနေအရ အတိအကျ ပြောရန် ခက်ခဲကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

“ဈေးကွက်ထဲမှာ ရှိနေတဲ့ နိုင်ငံခြား အရက်၊ ဘီယာ စတာတွေကို စစ်မယ် ဆိုပေမယ့် လောလောဆယ်တော့ အထောက်အထားနဲ့ တိုင်တဲ့ နေရာတွေကို စစ်တယ်။ ဒါပေမဲ့ တိုင်မှစစ်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဝန်ထမ်း အင်အားအရ ဘယ်အချိန်မှာ ဘာလုပ်မယ် ဆိုတာတော့ ပြောရခက်တယ်” ဟု ၎င်းကဆိုသည်။

တားမြစ် ကုန်စည် သတ်မှတ်ခြင်းတွင် ယဉ်ကျေးမှုနှင့် ဘာသာရေး ရှုထောင့်အရ ကန့်သတ်ခြင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ခိုင်မာ အားကောင်းစေလိုသည့် ရှုထောင့်အရ ကန့်သတ်ခြင်းများ ရှိသကဲ့သို့ ပြည်ပ စီးပွားရေး လုပ်ငန်းများနှင့် အပြိုင် လုပ်ငန်း ယှဉ်ပြိုင်စေလိုသည့် ရှုထောင့်အရ လွတ်လပ်စွာ တင်သွင်းခွင့် ပြုခြင်းမျိုးလည်း ရှိကြောင်း စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ ဒီနိုင်ငံခြားဖြစ် အရက်၊ ဘီယာ စတာတွေက တားမြစ်ကုန်တွေ ဖြစ်တာကြောင့် မူဝါဒ ချမယ် ဆိုရင်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ တည်ငြိမ်မှု (လုံခြုံရေး) ရှုထောင့်တွေကနေ ဘက်စုံ ကြည့်ပြီးတော့မှ လုပ်ဖို့လိုမယ်” ဟု ၎င်းက အကြံပေးသည်။

တိကျခိုင်မာသည့် မူဝါဒ မရှိပါက ဈေးကွက်ကို ကမောက်ကမ ဖြစ်စေသည့် အပြင် တရားမဝင်နှင့် မှောင်ခို ဈေးကွက်များ ဆက်ရှိနေဦးမည် ဖြစ်သည့် အတွက် အမှန်တကယ် လက်တွေ့အခြေအနေကို ရင်ဆိုင်ရန် လိုကြောင်း ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ စသည့် တားမြစ် ကုန်စည်များကို ပြည်တွင်း အရက်၊ ဘီယာတို့ထက် အခွန်အခ ပိုမိုကောက်ခံခြင်း၊ အကန့်အသတ်နှင့် ခွင့်ပြုခြင်းနှင့် စားသုံး/သုံးစွဲနိုင်မည့် နေရာများ ကန့်သတ်ခြင်း၊ သင့်တော်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိန်းကျောင်းခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အဆိုပြု တင်ပြထားကြောင်း ၎င်းကဆိုသည်။

တိကျရေရာသည့် မူဝါဒတစ်ခု မချမှတ်မီ တားဆီး စစ်ဆေးခြင်းမျိုးကို မပြုလုပ်သင့်ဘဲ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာရန် ဆွဲဆောင် သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဈေးကွက်အတွင်း ရှိနေသည့် အဆိုပါ နိုင်ငံခြားအရက်၊ ဘီယာ စသည့် တရားမဝင် ကုန်စည်များကို တားဆီး စစ်ဆေးခြင်း မပြုမီ တိကျ ခိုင်မာသည့် မူဝါဒတစ်ခု ချမှတ်ရန် လိုအပ်ပြီး တရားဝင် လမ်းကြောင်းပေါ် ရောက်ရှိ လာရန် ညင်သာစွာ ဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက The Voice သို့ ပြောကြားသည်။
“ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီးနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဈေးကွက်ပုံစံ ပျက်သွားတတ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဈေးကွက် အတွင်းရှိ တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေး အတွက် တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားရန် ရှိကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။

(စစ်ငြိမ်းသူ)
The Voice Weekly