နိုင်ငံတကာသုံး VISA ကတ် CB ဘဏ်စထုတ်

ပို့စ်တင်ချိန် - 12/07/2013 02:06:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၅

နိုင်ငံတကာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်သော VISA နှင့် သမဝါယမဘဏ် လီမိတက်တို့ ပူးပေါင်း၍ တစ်ကမ္ဘာလုံး ရှိ ATM စက်ပေါင်း နှစ်သန်းကျော်တွင် သုံးနိုင်မည့် CB Bank Easi Multi-Currency Travel VISA ကတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

CB Bank Easi Multi-Currency Travel VISA ကတ်တွင် စင်ကာပူဒေါ်လာ၊ ယူရို၊ အမေရိကန်ဒေါ်လာ သုံးမျိုး ထည့်သွင်း၍ တစ်ကမ္ဘာလုံးရှိ ATM စက်ပေါင်း နှစ်သန်းကျော်နှင့် ငွေပေးချေစက် (POS −Point of Sale) အလုံးပေါင်း သန်း ၄၀ ကျော်တွင် ငွေပေးချေနိုင်မည် ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။

အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ ထိ ထည့်သွင်း အသုံးပြုနိုင်မည့် CB Bank Easi Multi-Currency Travel VISA ကတ်ကို အသုံးပြုလိုပါက ကျပ် ၈၀၀၀ ဖြင့် လျှောက်ထားနိုင်ပြီး ငါးရက် အကြာတွင် စတင်သုံးစွဲနိုင်မည်ဖြစ်ကာ လစဉ်ကြေး ဒေါ်လာ ၂ ဒေါ်လာခန့် ပေးဆောင် ရမည် ဖြစ်ကြောင်း သမဝါယမဘဏ်ထံမှ သိရသည်။

CB Bank Easi Multi-Currency Travel VISA ကတ်သည် ATM စက်များတွင် ငွေထုတ်ယူပါက ၃ ဒေါ်လာ ဖြတ်တောက်မည် ဖြစ်သော်လည်း POS စက်များတွင် ငွေပေးချေရာတွင်မူ ဝန်ဆောင်ခ ကောက်ခံမည် မဟုတ်ကြောင်း ယင်းဘဏ်က ဆိုသည်။

POS ကုမ္ပဏီသည် Multi-Currency Travel VISA ကတ်ကို မြန်မာ့ရှေ့ဆောင် ဘဏ်နှင့်လည်း ပူးပေါင်း လုပ်ဆောင်ထားပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ရှေ့ဆောင်ဘဏ်က ကြေညာထားသည်။

သမဝါယမဘဏ်သည် အောက်တိုဘာလ အတွင်းကလည်း နိုင်ငံတကာတွင် အသုံးပြု နိုင်သည့် CB Bank Easi Travel Master ကတ်ကို Master Card နှင့် ပူးပေါင်း၍ စတင်ထုတ်ဝေခဲ့ရာ ပြည်တွင်းနှင့် နိုင်ငံတကာတွင် အသုံးပြုနိုင်သည့် Master ကတ်နှင့် VISA ကတ်နှစ်မျိုးစလုံး ထုတ်ဝေနိုင်သည့် ဘဏ်ဖြစ်သည်။
The Voice Weekly