Air KBZ လေယာဉ် မတော်တဆဖြစ်ပြီး ပြန်လည်ဆင်းသက်

ပို့စ်တင်ချိန် - 1/28/2014 04:09:00 PM


ရန်ကုန်-ဟဲဟိုး-မန္တလေး Air KBZ လေယာဉ် ATR-72 ခရီးစဉ်အမှတ် K7 266 ဟာ ရန်ကုန်လေဆိပ်က ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ မီးခိုးတွေ ထွက်လာလို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အဲယား ကဗ္ဘောဇ လေကြောင်းလိုင်း အထွေထွေမန်နေဂျာ  ဦးမြတ်သူက “မနက် ၈ နာရီလောက်မှာ ရန်ကုန်-ဟဲဟိုး-မန္တလေး သွားမယ့် လေယာဉ် က ပြေးလမ်းပေါ်ရောက်နေ ပါပြီ။ ပြေးလမ်းပေါ် ရောက်ပြီးမှ အချက်ပေး သံပေါ်တော့ ပြန်လာ ပါတယ်။ ပြန်လာပြီးတော့မှ ဘီးတဖက်က အပူချိန်မြင့်သွားပြီး မီးခိုးတွေ ထွက်လာပါတယ်။ ခရီးသည်တွေကို အပြင်ထွက်ခိုင်းပြီး အဲဒါကို ငြှိမ်းကြပါတယ်” လို့ ပြောပါတယ်။

လိုက်ပါလာတဲ့ ခရီးသည် ၁၇ ဦးလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့လည်း ဦးမြတ်သူက ပြောပါတယ်။

ခရီးသည်တွေကို တခြားလေယာဉ်တစီးနဲ့ ရန်ကုန်-ဟဲဟိုး-မန္တလေး ခရီးစဉ်အတိုင်း စီစဉ်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ အဲဒီခရီးသည်အတိုင်း ရန်ကုန်-ဟဲဟိုး-မန္တလေးကို လေယာဉ်အခြားတစီးနဲ့ အစားထိုးတင်ပေးလိုက်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။ ဘာမှကို မဖြစ်တာ။ ဒီအတိုင်းပြန်လှည့်လာတာပါ။ ”

ပြီးခဲ့တဲ့အပတ်က အဲပုဂံ လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရမှု အားနည်းတယ် ဆိုသည့်သတင်းတွေ ထွက်ပေါ်လာပြီး မကြာမီ Air KBZ လေယာဉ် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

DVB Burmese

ဆက်စပ်သတင်း

Air KBZ လေယာဉ် မီးလောင်သဖြင့် ပြန်လည် ဆင်းသက်ရ