ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်း နိုင်ငံတကာ စံနှုန်းအတိုင်း ဖြစ်ရန် ညှိနှိုင်း ဆွေးနွေးနေဟုဆို

ပို့စ်တင်ချိန် - 1/28/2014 08:06:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးမည့် အောင်ဆန်းရုပ်ရှင် ဇာတ်ကား၏ ဇာတ်ညွှန်းကို နိုင်ငံတကာ စံနှုန်းအတိုင်းဖြစ်အောင် ညှိနှိုင်း ဆွေးနွေး နေကြကြောင်း၊ ယင်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒါရိုက်တာ အိအိခိုင်က The Voice သို့ ပြောကြားသည်။

အောင်ဆန်း ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ညွှန်းမှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း ပြည်ပမှ ထုတ်လုပ်သူ တစ်ဦးကို ပြကြည့်သောအခါ ဇာတ်ညွှန်းမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်အရ အဆင်ပြေသော်လည်း နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် အတွက်မူ လိုအပ်ချက်များ ရှိနေသေးသည်ဟု ထောက်ပြထားကြောင်း၊ ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပြင်သစ်၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီများပေးရန် ကမ်းလှမ်းထားကြကြောင်း၊ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးသွားမည် ဖြစ်ပြီး၊ ရွေးချယ်ထားသည့် သရုပ်ဆောင်များကို သင်ကြားပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်းကို ပြည်ပမှ ပညာရှင်များက ရုပ်ရှင်ဆန်အောင် ပြုလုပ်စေချင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များကမူ ရုပ်ရှင်ဆန်သွားပါက ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍနှင့် တန်ဖိုးရှိသည့် သမိုင်း အထောက်အထားများ၊ အဖြစ်အပျက်များ မှေးမှိန်သွားမည်ကို စိုးရိမ်သည့်အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ကာ မွမ်းမံ ပြင်ဆင်ရဦးမည်ဖြစ်ကြောင်း ယင်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်းက ပြောကြားသည်။

“ဒီရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူးပေးဖို့ အမေစုက ကိုယ့်ကို တာဝန် ပေးထားပါတယ်။ ဇာတ်ညွှန်းကတော့ တစ်လောက ပြင်ဦးလွင်မှာ ကိုယ်တို့ အဖွဲ့တွေ သွားရေးကြတယ်။ ဇာတ်ညွှန်းက ပြီးသွားပြီ။ အမေစုကလည်း သဘောကျတယ်။ ဒါပေမဲ့ ပြည်ပက ပညာရှင်ကို ပြကြည့်တော့ ရုပ်ရှင် မဆန်ဘူးလို့ ပြောတယ်။ ဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်လောက်မှ စရိုက်ဖြစ်လိမ့်မယ် ထင်တယ်” ဟု ယင်းရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားသည်။

The Voice Weekly Myanmar