အရှေ့ပိုင်းခရိုင်တရားရုံး အမှုဖျောက်ဖို့ကြိုးစားဟု စွပ်စွဲကာ ကိုထင်ကျော် ဆန္ဒပြ

ပို့စ်တင်ချိန် - 1/28/2014 06:30:00 AM


မြို့နယ်တရားရုံးက အမှုကိုလက်ခံပြီး နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကိုထင်ကျော်ကြား ဖြစ်ပွားနေတဲ့အမှုဟာ အရှေ့ပိုင်းခရိုင်တရားရုံးအရောက်မှာ အမှုကိုဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ကိုထင်ကျော်က စွပ်စွဲပြီး ဇန်နဝါရီ ၂၇ရက်နေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတော်က တရားလိုအဖြစ် ပေါ်ပေါက်နေတဲ့အမှုမှာ တရားလိုသက်သေဖြစ်တဲ့ သူ့ကို ဆင့်ခေါ်စာလည်းမပို့တာကြောင့် ရုံးချိန်း ၂ခါခေါ်ပြီးတဲ့အထိ သက်သေအဖြစ် မဆင့်ခေါ်တာမို့ ဒါဟာ အမှုဖျောက်ဖို့လုပ်နေတာလို့ ကိုထင်ကျော်က စွပ်စွဲလိုက်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရေးဝန်ထမ်းတွေရဲ့ ခြစားမှုတွေကို သူကဆန္ဒထုတ်ဖော်တာဖြစ်ပြီး တရားရေးမဏ္ဍိုင်ဟာ ပြည်သူကိုအကာအကွယ်မပေးရင် သူ့အနေနဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကိုထင်ကျော်ကြား အသရေဖျက်မှု ပုဒ်မ ၅ဝဝနဲ့ပတ်သက်ပြီး အမှုဖြစ်ရာက စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းက သက်သေတွေကို လိမ်လည်တင်သွင်းခဲ့တာကို ကိုထင်ကျော်က မြောက်ဥက္ကလာပ တရားရုံးကို ဦးတိုက်လျှောက်ပြီး အစိုးရသက်သေဖြစ်ခဲ့ပါတယ်။

ဒီအမှုဟာ မြောက်ဥက္ကလာပတရားရုံးကနေ ခရိုင်တရားရုံးကို လွှဲပြောင်းချိန်မှာ ရုံးချိန် ၃ကြိမ်တိတိ သက်သေက ပျက်ကွက်ခဲ့ရင် အမှုပျက်သွားနိုင်တာကြောင့် ဇန်နဝါရီ ၂၇ရက်နေ့မှာ ၃ကြိမ်မြောက်ရုံးချိန်း ကျင်းပတဲ့အထိ သူ့ကို သက်သေမခေါ်တာကြောင့် တစ်ကိုယ်တော် ဆန္ဒပြတာလို့ ဆိုပါတယ်။

Kamayut Media