ယူကရိန်း အရေးပေါ်အခြေအနေကြေညာဖို့ သတိပေး

ပို့စ်တင်ချိန် - 1/28/2014 11:21:00 AM

အစိုးရ ဆန့်ကျင်သူတစ်ဦး

ယူကရိန်းနိုင်ငံ ကိယက်ဗ် မြို့တော်က တရားရေး ဝန်ကြီးရုံးကို သိမ်းယူထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထွက်မသွားဘူး ဆိုရင် အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုမယ်လို့ တရားရေး ဝန်ကြီး အော်လီနာ လုကတ်ရှ် က သတိပေးလိုက် ပါတယ်။

ဒါ့အပြင် အတိုက်အခံနဲ့ ဆွေးနွေးမှုကို အဆုံးသတ်ဖို့ လည်း သူမက သမ္မတကို တိုက်တွန်းမယ်လို့ ဆိုပါတယ်။

သူဟာ လက်ရှိ ပြဿနာကို အဖြေရှာတဲ့ လုပ်ငန်း အဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်၊ အတိုက်အခံတွေက သိမ်းပိုက်ထားတဲ့ တရားရေး ဝန်ကြီး ရုံးချုပ်ကနေ ချက်ချင်း ထွက်မသွားဘူး ဆိုရင် ဆွေးနွေးမှုတွေ မလုပ်ဖို့ သမ္မတကို သူ တိုက်တွန်းမယ်၊ ဒါဆိုရင် ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာ ပြေလည်အောင် လုပ်နိုင်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ ယူကရိန်း တရားရေး ဝန်ကြီး လုကတ်ရှ်က ပြောသွားတာပါ။

ဆန္ဒပြသူတွေက တရားရေး ဝန်ကြီးရုံးကို တနဂင်္နွေနေ့ ကတည်းက သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန် အင်္ဂ࿿ါနေ့မှာ ပါလီမန် အရေးပေါ် အထူး အစည်း အဝေး မတိုင်ခင်မှာကိုပဲ ယူကရိန်းရဲ့ နိုင်ငံရေး အကျပ် အတည်းက ပိုပြီး နက်နဲ လာတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

အတိုက်အခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှုတွေ ကလည်း သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ Viktor Yanukovych ကို ထောက်ခံတဲ့ နိုင်ငံ အရှေ့ပိုင်း အထိ ပိုကျယ်ပြန့် လာခဲ့ပါတယ်။

မစ္စတာ ယာနူကိုဗစ်ခ်ျက သူ့ အစိုးရ အဖွဲ့ထဲမှာ အတိုက်အခံတွေကို ရာထူးနေရာတွေ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို အတိုက်အခံတွေက ငြင်းဆိုကြတဲ့ အပြင် ရွေးကောက်ပွဲသစ်တွေ လုပ်ပေးဖို့ ထပ်မံ ဖိအားပေး တောင်းဆိုမယ်လို့ ပြောကြပါတယ်။

မြို့ပေါင်း ၁၀ မြို့လောက်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကိုလည်း ဆန္ဒပြသူတွေ ထိန်းချုပ်ထားကြပါတယ်။

BBC Burmese