မန္တလေးတွင် နေ့ခင်းကြောင်တောင် စိတ်ကြွဆေးရောင်းနေသူများကို ဖမ်းမိ

ပို့စ်တင်ချိန် - 1/28/2014 11:26:00 AM

စိတ်ကြွဆေးရောင်းချသူများကို ဖမ်းဆီးရမိပြီးတွေ့ရစဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်

မန္တလေးမြို့တွင်းတစ်နေရာတွင် နေ့ခင်းကြောင်တောင် စိတ်ကြွဆေးပြားများ ရောင်းချနေသည့် လင်မယားစုံတွဲကို ဆေးပြား ငါးထောင်နီးပါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယခုလ ၂၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဇဏမဟီရပ်ကွက်အတွင်းရှိ မီးသတ်ရုံးရှေ့တွင် စိတ်ကြွဆေးပြားများရောင်းချနေသည်ဟု သတင်းရရှိသဖြင့် မူးယစ်တပ်ဖွဲ့စု ၁၇ မှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်ဝန်းကျင်ခန့် တန်ဖိုးရှိသော 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြားပေါင်း ၄၉၈၀ ပြားများ လက်ဝယ်ကိုင်ဆောင်ထားသည့် အဆိုပါလင်မယားအား တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါနေ့ နံနက်က ၎င်းတို့နှစ်ဦးကို ဆေးပြားများရောင်းချပေးရန် အမျိုးသမီးတစ်ဦးက ဖုန်းဆက်ခေါ်ရာမှ ရတနာပုံဈေးအရှေ့ဘက်ရှိ သစ်သီးတန်းအနီးသို့ ရောက်ရှိခဲ့သည်။ ဖုန်းဆက်ခေါ်သည့် အမျိုးသမီးနှင့် ဆုံရာတွင် ယင်းနှင့်အတူပါလာသည့် အမျိုးသားတစ်ဦးက ဆေးပြားများကိုရောင်းချရန် ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းဆေးပြားများ သယ်ဆောင်လာပြီး ရောင်းချရန် စီစဉ်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ စစ်ဆေးစဉ် ခင်ပွန်းသည်ဖြစ်သူက ထွက်ဆိုခဲ့သည်။

စိတ်ကြွဆေးပြားများရောင်းချပြီး ငွေများကိုလည်း (၂၆)လမ်း နှင့် (၇၁)လမ်းထောင့်နေရာတွင် စောင့်နေသည့် အမျိုးသားတစ်ဦးထံ သွားပေးရန် ချိန်းဆိုထားကြောင်းကိုလည်း ၎င်းတို့နှစ်ဦးစလုံးမှ ထပ်မံထွက်ဆိုခဲ့သည်။

အဆိုပါနေရာသို့ သွားရောက်ရှာဖွေခဲ့ရာတွင်လည်း စိတ်ကြွဆေးပြားများ ရောင်းချပြီးငွေများကို လာရောက်ပေးမည့်သူအား အသင့်စောင့်နေသည့် ပန်းရန်လုပ်ငန်းလုပ်ကိုင်သော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးမှုများပြုလုပ်ကာ ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းကိုလည်း ဇနီးမောင်နှံအား ဆေးပြားများရောင်းချပေးရန် ဖုန်းဆက်ခေါ်ခဲ့သည့် အမျိုးသမီးကပင် လာရောက်စောင့်ခိုင်းသည့်အတွက် လာရောက်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းအမျိုးသားက ထွက်ဆိုခဲ့သည်။

ယခုဖြစ်စဉ်တွင် ပါဝင်နေသည့် သုံးဦးစလုံးအား ချမ်းအေးသာစံမြို့မရဲစခန်းက မူးယစ်ပုဒ်မများဖြင့် အမှုဖွင့်ထားကာ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး ၎င်းတို့ကို စိတ်ကြွဆေးပြားများ အရောင်းအ၀ယ်ကိစ္စတွင် ပါဝင်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည့် အမျိုးသမီးဖြစ်သူကိုလည်း မူးယစ်ပုဒ်မများဖြင့်ပင် အမှုဖွင့်ထားသည်။

Author: အေးမွန်ရာပြည့်
7 Day Daily