အသက် မှတ်တိုင်

ပို့စ်တင်ချိန် - 1/28/2014 07:11:00 PM


အသက်သည် အရေးကြီးချင်မှ ကြီးမည်။ သို့သော် လူတို့လက်ခံ ထားသော အသက်မှတ်တိုင်များ ရှိကြသည်။ ၄၀ သည် မှတ်တိုင်တစ်ခု။

“၄ဝ ရောက်မှ ဘဝစသည်” ဟူသည်မှာ အနောက်တိုင်းတွင် တွင်ကျယ်သော အယူအဆ ဖြစ်သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင်ပါ လက်ခံလာကြသည်။ အသက် ၄၀ တွင် အတွေ့အကြုံတို့ ကြွယ်ဝသင့်သလောက် ကြွယ်ဝပြီ၊ လူအကြောင်း၊ လောကကြီးအကြောင်း သိကြပြီ။ တစ်ဖက်က ကြည့်ပြန်လျှင် စိတ်ခွန်အား ကိုယ်ခွန်အားတို့ အပြည့်ရှိနေသေးသည့် အချိန် ဖြစ်သဖြင့် စိတ်သွားတိုင်း ကိုယ်ပါသောကြောင့် လုပ်တိုင်းဖြစ်နိုင်သည်။ ထို့ကြောင့် အသက် ၄၀ ကျော်မှ ဘဝစသည်ဟု ပြောကြခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် နာမည်ကျော်ပုဂ္ဂိုလ်များ အသက် ၄၀ ကျော်ချိန်တွင် ကိုယ့်ကိုယ်ကို “ငါမအိုသေး” ဟု အားတင်းလိုသဖြင့် ထိုသို့ပြောခဲ့ရာမှ နှောင်းလူတို့က ဥပဒေသကြီး တစ်ခုသဖွယ် စွဲမှတ်လာခြင်းလည်း ဖြစ်နိုင်သည်။

ယခုနောက်ပိုင်းတွင် အသက် ၃၅ သည်သာ တကယ့်ဘဝစသောနှစ် ဟူသော အယူအဆ တစ်ခုလည်း ပေါ်လာပြန်သည်။ အတွေ့အကြုံလည်းရှိ၊ ကိုယ်ခန္ဓာလည်း အားကောင်းသေးသည်မှာ အသက် ၃၅ ပါတဲ့။ ဟုတ်တော့လည်း ဟုတ်နိုင်သည်။ အသက် ၃၅ သည် လူငယ်ဟု ခပ်တည်တည် ကိုယ့်ကိုယ်ကိုယ် ပြောနိုင်သော အသက်မဟုတ်တော့။ လူလတ်ဖြစ်ချင်ချင် မဖြစ်ချင်ချင် ဖြစ်ပြီ။ အသက် ၁၈ အိမ်ထောင်ပြုသူများ ဆိုလျှင် သားသမီးပင် လူပျို အပျိုဖြစ်ပြီ။ mid-life crisis ခေါ် သက်လတ်ပိုင်း စိတ်ကယောင်ချောက်ချား တွေဝေခြင်း ဖြစ်သည့်အရွယ်ဟု ဆိုကြသည်။ မိမိရွေးသည့်လမ်း မှားနေပြီလား၊ ဘဝတွင် အောင်မြင်လား၊ ကျရှုံးလားကို ပြန်လည် တွေးတော ဇဝေဇဝါ ဖြစ်တတ်ချိန်ဟု ဆေးပညာသဘောက ဆိုသည်။

လက်ရှိဝန်ထမ်းလုပ်နေသူ မဟုတ်လျှင် နိုင်ငံတော်ပြန်တမ်းဝင် အရာရှိ အလုပ်ခေါ် ကြော်ငြာများတွင် ၃၅ နှစ်နှင့်အောက် များကိုသာ ခေါ်သည်။ ခိုင်းရမည့်အချိန်နှင့် ကြည့်လျှင် မတန်တော့ဟု သဘောထား သည်လား။ အရိုးရင့်သောကြောင့် သင်ရခက်မည်ဟု ထင်သောကြောင့်လားမူ မပြောတတ်။ ပြည်ပပညာသင်ဆု အချို့တွင်လည်း မဟာဘွဲ့သင်တန်းများ ဆိုလျှင် ၃၅ နှစ်ကျော်လျှင် လက်မခံတော့။ ကျောင်းသွားတက်ချင်လျှင် စောစောကတည်းက ကြိုးစားထား ပေရော့။ အတွေ့အကြုံ တနင့်တပိုး ရှိသောသူ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့သူ ဆိုလျှင်မူ ခြွင်းချက်များ ရနိုင်သည်။

မြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု ဒုဝန်ကြီးသည် အသက် ၃၅ နှစ်နှင့် အထက် ဖြစ်ရမည်ဟု ပါရှိသည်။ ဆိုလိုသည်က အသက် ၃၅ နှစ်အောက်သည် သူ့ဘာသာသူ မည်မျှတော်တော် တစ်ဖက်ကမ်းပင် ခတ်ခတ် ဒုဝန်ကြီး မဖြစ်နိုင်ဟူ၏။ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရချိန်တွင် အသက် ၃၃ ပင် မပြည့်သေးသော်လည်း အကြောင်းကြောင်းကြောင့် ထိုအတိုင်း သတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် သည်လည်း အသက် ၃၅ နှစ် အနည်းဆုံးရှိရန် လိုသည်။

ထင်ရှားသောမှတ်တိုင် နောက်တစ်ခုကမူ အသက် ၁၈ နှစ်။ အဘယ်ကြောင့်မှန်း မသိ အသက် ၁၈နှစ်တွင် အရွယ်ရောက်ပြီဟု သတ်မှတ်ကြသည်။ လူမှန်သူမှန်ကို မဲပေးနိုင်လောက်အောင် စဉ်းစားဉာဏ်ရှိပြီဟု ယူဆသောကြောင့် အသက် ၁၈ နှစ်တွင် မဲပေးနိုင်ပြီ။

ကားမောင်းခွင့် လိုင်စင်လည်း အသက် ၁၈ နှစ်ဆိုလျှင် ရယူနိုင်ပြီ။ အသက် ၁၈ နှစ် မပြည့်သေးသောသူကို လက်ထပ်မိလျှင် ပြဿနာ ပေါ်နိုင်သည်။ ဘာမျှ မသေချာလျှင် မှတ်ပုံတင် တောင်းကြည့်ရမည့်ပုံ။ တကယ်တမ်းတွင် အသက် ၁၈ နှစ်ပြည့်သူတိုင်း တကယ်အရွယ်ရောက် မရောက် အငြင်းပွားစရာ။ ကိုယ်အားဖြင့် ၁၈နှစ် ရှိသော်လည်း စိတ်က ၁၄ နှစ်လောက်သာ ရှိနေလျှင်ရော။

၂၁ နှစ် သည်လည်း မှတ်တိုင်တစ်မျိုးပင်။ အချို့နိုင်ငံများ၊ ဥပမာ- အမေရိကန်တွင် အသက်၂၁ ပြည့်မှ အရက်ဝယ်နိုင်သည် ဟုဆိုသည်။ မဲပေးဖို့ ဆုံးဖြတ်နိုင်စွမ်းက အသက် ၁၈ နှစ်တွင် ရပြီး အရက်သောက်သင့် မသောက်သင့် ဆုံးဖြတ်ဖို့က နောက်သုံးနှစ် စောင့်ရဦးမည်။ အရက်က အန္တရာယ် ပိုကြီးပြီး မဲပေးခြင်း၊ မပေးခြင်းက အန္တရာယ် နည်းသောကြောင့်လား။

သက်ပြည့် အငြိမ်းစားယူနိုင်သည့် အသက်သည်လည်း ကြီးမားသော မှတ်တိုင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၆၀။ အသက် ၆၀ သမားနှင့် အသက် ၆၀ နှင့် တစ်လသမား ဘာမျှမကွာ ထင်ရသော်လည်း လူတစ်ယောက် တည်းမှာပင် အသက် ၆၀ တွင် ကျန်းမာရေးနှင့် အသက် ၆၀ နှင့် တစ်လ ကျန်းမာရေး မတူသည်များ အများအပြား တွေ့ရသည်။ အသက်ကြီးပြီဟု စိတ်လျှော့လိုက်ရာ ကိုယ်ပါ ပါသွားခြင်း ဖြစ်နိုင်သလို ပင်စင်ယူလိုက်သည့် အတွက် လှုပ်လှုပ်ရှားရှား မရှိတော့သောကြောင့် ရောဂါဝင်လာခြင်းလည်း ဖြစ်နိုင်သည်။ တစ်သက်လုံး အလုပ်လုပ်လာသော ၆၀ ကျော်များသည် အတွေ့အကြုံ၊ ပညာပြည့်ဝနေပြီး စဉ်းစားနိုင်၊ လုပ်နိုင်ကိုင်နိုင်သေးသည့် အတွက် နိုင်ငံအကျိုး ပြုနိုင်ဦးမည်။ မြန်မာနိုင်ငံ ပညာရေးနောက်ပိုင်းနှစ် များတွင် အားနည်း ခဲ့သောကြောင့် ၆၀ ဝန်းကျင်များသည် အစားဝင် လူလတ်များထက် ပညာအား ပိုနိုင်သည်ကို တွက်ကြည့်လျှင် ၆၀ ကျော်တို့ကို အသုံးချဖို့ စဉ်းစားစရာ ပိုများလာမည်။ အချို့နိုင်ငံများတွင် ပင်စင်အသက်မှာ ၆၅ နှစ် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ပင်စင်သက်တမ်းနှင့် ယှဉ်ကြည့်နိုင်သည်။ သို့သော် မြန်မာတို့ မျှော်မှန်းသက်တမ်းမှာ ၆၅ ဖြစ်သည့်အတွက် အသက် ၆၅ ပင်စင်လုပ်လိုက်လျှင် ပင်စင်ယူပြီး နေဖို့ နှစ်မကျန်တော့သည့် သဘောဆောင်သည်။

အသက်ကို တရားသံဝေဂ နှင့်လည်း ယှဉ်ကြည့်နိုင်သည်။ အသက် ၄၀ ရှိပြီဆိုလျှင် လူ့ဘဝတွင် ရက်ပေါင်းဘယ်လောက် နေခဲ့ဖူးပြီ၊ ၇၅ နှစ်အထိ နေရမည်ဆိုလျှင် ရက်ပေါင်း ဘယ်လောက်သာ ကျန်တော့သည်ဟု အသက် အမျိုးမျိုးနှင့် နေခဲ့ပြီးရက် ကျန်သောရက် တို့ကို ချိန်ထိုးထားသော သံဝေဂ စာတစ်စောင် ဖတ်ဖူးသည်။ တကယ်တော့ ၇၅ နှစ်ဆိုသည်က များလွန်းလှသည်။ တရားသဘောဖြင့် ကြည့်လျှင် ကွေးသော လက်မဆန့်မီ၊ ဆန့်သော လက်မကွေးမီဖြစ်ရာ မည်သည့်အချိန် သေမည်ကို မည်သို့မျှမသိနိုင်။ ဂျပန်တို့၏ မျှော်မှန်းသက်တမ်း ကတော့ ၈၂ နှစ် ဖြစ်သောကြောင့် အထက်ပါ စာတမ်းနှင့် ပိုနီးစပ်သည်။ မြန်မာတို့၏ သက်တမ်း၊ မျှော်မှန်းသက်တမ်း Life Expectancy က ၆၅ ဖြစ်သောကြောင့် မြန်မာတစ်ဦး အတွက် ဘဝတွင် အချိန် ပိုနည်းသည့်အတွက် ဂျပန်တို့ထက် ပိုအားထုတ်ရမည့် သဘော။

Apple ကုမ္ပဏီတည်ထောင်သူ ကမ္ဘာကျော် Steve Jobs ကတော့ သူကင်ဆာရောဂါ ခံစားနေရကြောင်း သိပြီးကတည်းက တစ်နေ့တိုင်း တစ်ရက်တိုင်းကို အကျိုးရှိအောင် နေကြောင်း ပြောခဲ့သည်။ ယနေ့ သူလုပ်သည့် အလုပ်တို့သည် တန်ဖိုးရှိ မရှိ နေ့စဉ်မိုးလင်းတိုင်း စဉ်းစားပြီးမှလုပ် သည်။ ထို့ကြောင့်ပေလားမသိ Jobs ၏ နောက်ဆုံးနေ့များသည် လူသားတို့ကို အကျိုးပြုဆုံး နေ့များ ဖြစ်ခဲ့သည်။ သူ့အလုပ်သူလုပ်ရင်း လူသားတို့ အနေအထိုင်၊ အလုပ်အကိုင် ချောမွေ့သာယာရေး အသုံးအဆောင် ပစ္စည်း များကို သာမန်ဖန်တီးရုံတွင် မျှမက လူတို့၏ဘဝကို တော်လှန် ပြောင်းလဲစေခဲ့သည်။

အသက်မှတ်တိုင် တို့သည် လူတို့၏ကျန်းမာရေးအပေါ် အယူအဆ ဖြစ်သလို ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တို့နှင့်လည်း ဆိုင်သည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် အသက်မှတ်တိုင် တို့သည် သမားရိုးကျ အများစိတ်တိုင်းကျ မှတ်တိုင်တို့နှင့် တိုက်ဆိုင်နိုင်သလို ကွဲလည်း ကွဲလွဲနိုင်ပါသည်။

thevoicemyanmar