မွန်းတည့်နေဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းနှင့် ဆောင်းပါးများ အတွက် တောင်းပန်ခြင်း မပြုပါက တရားစွဲမည် ဟုဆို

ပို့စ်တင်ချိန် - 1/28/2014 08:13:00 PM



မန္တလေး၊ ဇန်နဝါရီ ၂၇

မွန်းတည့်နေ ဂျာနယ်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များအား စွပ်စွဲ ရေးသားထားသော သတင်းနှင့် ဆောင်းပါးတို့ ဖော်ပြခဲ့မှု အတွက် ပြန်လည်တောင်းပန်ခြင်း မပြုလုပ်ပါက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့က တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဥပဒေရေးရာ ဌာနထံမှ သိရှိရသည်။

"စာနယ်ဇင်းသမားတွေဟာ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်အောင် ရေးသားရင် ဒါဟာ ကျင့်ဝတ် ဖောက်ဖျက်တာပဲ။ မွန်းတည့်နေဟာ ဒီလိုတွေ ရေးသားနေတယ်။ အချိန်တော့ သတ်မှတ် မထားပါဘူး။ ပြန်တောင်းပန်စေ လိုပါတယ်။ ပြန်မတောင်းပန် ရင်တော့ ကျွန်တော်တို့က တရားမ လမ်းကြောင်းအတိုင်း အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် တရားလွှတ်တော် ရှေ့နေကြီး ဦးအေးပိုင်က ပြောကြားသည်။

မန္တလေးမြို့တော် မစိုးရိမ်တိုက်ဟောင်း နိရုတ္တိနယူပဒေသ ကျောင်းတိုက်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့သည် ရုံးပိတ်ရက်ဖြစ်သည့် အတွက် တိုက်ကို တရားဝင် အကြောင်း ကြားထားခြင်းရှိ၊ မရှိ မသိသေးကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရ သးကြောင်း မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ယင်းသတင်းနှင့် ပတ်သက်၍ ပြောဆိုသည်။

မွန်းတည့်နေ သတင်းဂျာနယ် အမှတ်စဉ် (၁) အတွဲ (၄၅) ပါ (နေသုတ)ရေးသားသော ယုံကြည်မှု တည်ဆောက် ပြန်လည်ပြုလုပ်ရမည့် လူမှုအသိုင်းအဝိုင်း ဆောင်းပါးတွင် ပါဝင်သည့် အသုံးအနှုန်း များ၊ အမှတ်စဉ် (၂) အတွဲ (၄) ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက အမျိုးဘာသာသာသနာ မှေးမှိန်စရာရှိသည် ဟု သီတဂူဆရာတော် ဆိုသည့် သတင်းများ အပါအဝင် အဆိုပါဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးများတွင် ပါဝင်သည့်စာသားများ၊ ဓာတ်ပုံများ အသုံးအနှုန်းများ အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ပြန်လည်တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေ ဂျာနယ်ကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ ထပ်မံသိရှိရသည်။

သီတဂူဆရာတော် သတင်းနှင့် ပတ်သက်၍ သီတဂူ ဆရာတော်ကြီးနှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ CEO အပါအဝင် အယ်ဒီတာအဖွဲ့က သွားရောက် တောင်းပန်ထားပြီး သီတဂူဆရာတော်နှင့် သီတဂူဗုဒ္ဓ တက္ကသိုလ်တို့က ခွင့်လွှတ်ကြောင်း၊ သတင်းစာ များနှင့် ဂျာနယ်တွင်လည်း တောင်းပန်စာများ ဆက်တိုက် ထည့်ထားကြောင်း မွန်းတည့်နေ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သီတဂူဆရာတော်ကြီးကို တောင်းပန် ထားသော်လည်း ဘာသာရေးကို ထိပါးသော အသုံးအနှုန်းများ ပါဝင်သည့်အတွက် သံဃာထုကို မတောင်းပန် သောကြောင့် ယခုကဲ့သို့ တောင်းပန်ရန် ပြောကြားခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးပိုင်က ပြောဆိုသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ယင်းအဖွဲ့ ဦးဆောင် ဆရာတော်များတွင် တစ်ဦးအပါအဝင် ဖြစ် သော အရှင်ဝီရသူ၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဦးဒေဝိန္ဒာဘိဝံသ အပါအဝင် ဆရာတော်များ တက်ရောက် ခဲ့ကြသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးဌာန၊ ဘဏ္ဍာရေး အထောက်အကူပြု ဌာန၊ သင်တန်း ရေးရာဌာန၊ အသိပညာပေး စည်းရုံးရေးဌာန၊ သုတေသနနှင့် သမိုင်းမှတ်တမ်းဌာန၊ စာရင်းစစ်ဌာန၊ ဥပဒေရေးရာ ဌာနနှင့် ရဟန်း သီလရှင်ပေါင်း ၄၂၆ ပါးဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မန္တလေး အတုမရှိ ကျောင်းတော်ကြီး ပေါ်တွင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly