ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ တစ်စီးမီးလောင်

ပို့စ်တင်ချိန် - 1/28/2014 02:23:00 PM



ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း (၁၀၆) မှတ်တိုင်အနီးတွင် ဇန်နဝါရီလ ၂၆ ရက် ည ၁၂ နာရီကျော်က ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရီးယားနိုင်ငံသား နှစ်ဦး အပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ကိုရီးယားနိုင်ငံသား နှစ်ဦး စီးနင်းလိုက်ပါလာသော Mark-X အမျိုးအစား အငှားယာဉ်သည် ယင်းညက အင်းလျားလိတ် ဟိုတယ်လမ်းမှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ ချိုးကွေ့စဉ် ကမ္ဘာအေးဘုရားလမ်း အတိုင်း မြောက်ဥက္ကလာပမြို့နယ် ဘက်သို့ မောင်းနှင်လာသော Kluger အမျိုးအစား ကိုယ်ပိုင်ယာဉ်ကို ကန်လန့်ဖြတ် ဝင်တိုက်မိကြောင်း၊ ယင်းနောက် Kluger ယာဉ်၏ နောက်မှပါလာသော Caldina အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီး ကိုပါ အရှိန် မထိန်းဘဲ ထပ်မံတိုက်မိခဲ့ရာ Kluger ယာဉ် မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကင်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"Kluger ကားရဲ့ခေါင်းပိုင်းကို ကန့်လန့်ဖြတ် တိုက်မိတာကြောင့် စက်ခန်းထဲမှာ ဆီယိုပြီး ကားခေါင်းပိုင်း မီးလောင်ခဲ့တာ။ ဝင်တိုက်တဲ့ကားက လေအိတ် ပွင့်တာတောင် လူတွေကို မနည်း ဆွဲထုတ်ရတယ်၊ ကားတစ်စီးလုံး လောင်ပြီးမှ မီးသတ်ကားသုံးစီး ရောက်လာတာ" ဟု မျက်မြင်တွေ့ရှိသူ ဓာတ်ပုံသတင်းထောက် တစ်ဦးက ပြောကြားသည်။

ယာဉ်မီးလောင်မှုကြောင့် အင်ဂျင်ကိုယ်ထည်၊ ယာဉ်ရှေ့ပိုင်းရှိ လေကာမှန်နှင့် ကူရှင်များ ပျက်စီးဆုံးရှုံးခဲ့ပြီး Mark-X အငှားယာဉ်မောင်းဖြစ်သော အသက် ၃၄ နှစ်အရွယ်ရှိ ကိုထက်ခိုင်ကြည်လင်း အပါအဝင် အဆိုပါယာဉ်ပေါ် ပါလာသော ကိုရီးယားနိုင်ငံသား Mr.Kim Kwij Hyun နှင့် Mr.Cho Woung Eiun တို့ နှစ်ဦးနှင့် Kluger ယာဉ်နှင့် Caldina ယာဉ်တို့မှ အမျိုးသားနှစ်ဦးတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ယာဉ်သုံးစီး ဆင့်တိုက်မှုကြောင့် Mark-X အမျိုးအစား အငှားယာဉ်မောင်း ကိုထက်ခိုင်ကြည်လင်းကို ယာဉ်(ပ)၃/ ၁၄၊ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly