ကင်မ်ဂျုံအန်း၏ ဦးလေးနှင့် ဆွေးမျိုးတော်စပ်သူများ ကွပ်မျက်ခံရဟုဆို

ပို့စ်တင်ချိန် - 1/28/2014 10:30:00 AM


ကင်မ်ဂျုံအန်း၏ ဦးလေးနှင့် ဆွေးမျိုးတော်စပ်သူများ ကွပ်မျက်ခံရဟုဆို လက်ရှိ သတင်းများအရ ကမ်ဂျုံအန်းသည် ၎င်း၏ ဦးလေးနှင့် သွေးသားတော်စပ်သူ အားလုံးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့သည်ဟု ယုံကြည်ရ

မြောက်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်လက သေဒဏ်ပေး ကွပ်မျက်ခံ ခဲ့ရသည့် ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ဦးလေးတော်စပ်သူ ဂျန်ဆောင်သေ့ခ်နှင့် သွေးသား တော်စပ်သည့် မိသားစု ဝင်အားလုံး မှာလည်း ကွပ်မျက်ခံ ခဲ့ရကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ပြောကြားသည်။

ဂျန်ဆောင်သည် စစ်တပ်အာဏာသိမ်းရန်နှင့် ၎င်း၏တူဖြစ်သူ ကင်မ်ဂျုံအန်းကို ဖြုတ်ချရန် ကြံစည်ခဲ့ကြောင်း စွဲချက်ဖြင့် ယမန်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခံခဲ့ရသည်။ ၎င်းသည် ကင်မ်ဂျုံအန်း၏ အဒေါ်ဖြစ်သူနှင့် လက်ထပ်ခဲ့ပြီး ကင်မ်ဂျုံအန်း ငယ်ရွယ်စဉ်ကာလ၌ သြဇာလွှမ်းမိုးမှုကြီးမားခဲ့ကာ မြောက်ကိုရီးယား၏ ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

လက်ရှိ သတင်းများအရ ကမ်ဂျုံအန်းသည် ၎င်း၏ ဦးလေးနှင့် သွေးသားတော်စပ်သူ အားလုံးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့သည်ဟု ယုံကြည်ရသည်။ သံမဏိစည်းမျဉ်းဖြင့် အုပ်ချုပ်သည့် မြောက်ကိုရီးယားတွင် အာဏာဖီဆန်သူအား မည်သို့ ပြစ်ဒဏ်ပေးကြောင်း စံပြနမူနာအနေဖြင့် ကင်မ်ဂျုံအန်းက ထိုသို့ ဆောင်ရွက်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုးလ်အခြေစိုက် ယွန်ဟပ်သတင်းဌာနကဆိုသည်။ ဂျန်ဆောင်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဂျန်ကွမ်ဆောင်မှာ ၂၀၀၆ ခုနှစ်က သေကြောင်းကြံစည်သွားခဲ့ပြီဖြစ်ရာ ကင်မ်ဂျုံအန်းက အခြားသော ဆွေးမျိုးတော်စပ်သူမျာကို ကွပ်မျက်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယွန်ဟပ်၏ အဆိုအရ ဂျန်ဆောင်၏ အစ်မနှင့် ခင်ပွန်းဖြစ်သူ ကျူးဘားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်၊ ဂျန်ဆောင်နှင့် တူတော်စပ်သည့် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်နှင့် ၎င်း၏ အသက် ၂၀ ဝန်းကျင် သားနှစ်ဦးတို့မှာ ကွပ်မျက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ သံအမတ်နှစ်ဦးအား ယမန်နှစ် ဒီဇင်ဘာလ အစောပိုင်းကတည်းက မြောက်ကိုရီးယားသို့ ပြန်လည်ခေါ်ယူလိုက်ပြီး ဂျန်ဆောင်အား ကွပ်မျက်ပြီးနောက် ၎င်းတို့ကိုလည်း အလားတူ ကွပ်မျက်ခဲ့သည်ဟုဆိုသည်။ ဂျန်ဆောင်၏ ဇနီးဖြစ်သူ ကင်မ်ကျွန်ဟွာ (ကင်မ်ဂျုံအန်း၏အဒေါ်) မှာမူ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူအပြီး သတိလစ်မေ့မြောနေသည်ဟု ယုံကြည်ရကြောင်းလည်း ယွန်ဟပ်က ဖော်ပြသည်။

Planet Myanmar Network