လူငယ်ဖွံ့ဖြိုးရေးအတွက် ၀န်ကြီးဌာန သီးသန့်ထားပါက မလိုအပ်ဘဲ ငွေကုန်မည်ဟု သမ္မတရုံးဝန်ကြီးပြော

ပို့စ်တင်ချိန် - 1/28/2014 08:18:00 PM



Written by မင်းမင်း၊ အောင်သူရထွန်း

မြန်မာ့လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ထောင်စုအစိုးရက ကော်မတီ၊ ကော်မရှင် သို့မဟုတ် ၀န်ကြီးဌာန တစ်ခုထားရှိပြီး လူငယ်ဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်မည်ဆိုပါက မလိုအပ်ဘဲ ငွေကြေးကုန် ကျမည်ဟု နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ဇန်န၀ါရီ ၂၇ ရက် က အမျိုးသားလွှတ်တော်တွင် ပြောဆိုလိုက်သည်။

လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို“အခြားအာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများကဲ့သို့ ပြည်ထောင်စုအဆင့် လူငယ်ဆိုင်ရာ ကော်မရှင်၊ကော်မတီသို့မဟုတ် ၀န်ကြီး ဌာနဖွဲ့စည်းပြီး ပိုမိုလုပ်ဆောင်နိုင်ရန်” အစိုးရအား တိုက်တွန်းထားသည့် ဧရာဝတီတိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်ရီ၏အဆိုကို ရည်ညွှန်း ပြီး သမ္မတရုံးဝန်ကြီးက ပြောဆိုသွားခြင်း ဖြစ်သည်။

“လူငယ်ဆိုင်ရာ ကော်မရှင်၊ ကော်မတီဖွဲ့ဖို့ အထူးမလိုအပ်သလို ၀န်ကြီးဌာန တစ်ခုအနေနဲ့ သီးသန့်ထား မယ်ဆိုရင် မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုများ ရှိလာနိုင်လို့ သီးသန့်ဖွဲ့စည်းရန် မလိုအပ်သေးပါ” ဟုဝန်ကြီး ကပြောသည်။

လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၀န်ကြီးဌာနတစ်ခုတည်းက ကွပ်ကဲဆောင်ရွက်သည်ကို ၀န်ကြီးက ဂျပန် နိုင်ငံနှင့် ဥပမာပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ပါက ဘတ်ဂျက်ပိုမိုမြင့်တက်လာမည်ဟု ၀န်ကြီးက လွှတ်တော် သို့ ရှင်းပြသည်။

ယင်းအပြင် အဆိုကို ပြန်လည်ရုပ်သိမ်းရန်လည်း ၀န်ကြီးကပြောဆိုခဲ့သေးရာ အဆိုရှင်ဦးခင်မောင်ရီက လွှတ်တော်၏ သဘောထားကိုသာ ရယူလိုသည့်အတွက် စက်ခလုပ်နှိပ်မဲခွဲရာ ထောက်ခံသူများသဖြင့် အဆိုအတည် ဖြစ်သွားခဲ့သည်။

မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇၃ ဦးက မဲခွဲဆုံးဖြတ်ရာတွင် ၁၄ ဦးကသာ ကန့်ကွက်ခဲ့ပြီး ကြားနေဆန္ဒမဲ ၆၅ ဦးရှိခဲ့သည်။

ထိုအဆိုကို လွှတ်တော်တွင် ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံဆွေး နွေးခဲ့ကြပြီး ရန်ကုန်တိုင်းလွှတ် တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က “လက်ရှိအနေအထားမှာ အစိုးရက ခါတိုင်းထက် လူငယ်တွေအတွက် အလေးအနက်ထား ဆောင်ရွက်ကြရမယ်” ဟု ဆွေးနွေးခဲ့သည်။

ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အားလုံးက လူငယ်များး၏ ပညာရေး၊နိုင်ငံရေး၊ အလုပ်အကိုင် နှင့် စီးပွားရေး လုပ်ငန်းများအတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေပြီဟု ထောက်ပြခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ လူငယ်နဲ့ပတ်သက်လို့ issue(ကိစ္စ)လေးတွေ ရှိနေတယ်။ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ အလုပ်လက်မဲ့ ဒါလေးတွေ ရှိနေတယ်။ လူငယ်အင်အားဟာ သန်း ၂၀ လောက်ရှိတယ်။ ဒါကြောင့် လူ ငယ်နဲ့ပတ်သက်ပြီး လိုအပ်လို့ ကျွန်တော် တင်ပြခြင်းဖြစ်တယ်” ဟု အဆိုရှင် ဦးခင်မောင်ရီက ပြောသည်။

မဇ္ဈိမ