ရိုးတွင်းချဉ်ဆီကို ဂျာမန်သိပ္ပံပညာရှင်များ ဖန်တီးနိုင်ခဲ့

ပို့စ်တင်ချိန် - 1/21/2014 09:00:00 AM


No. 101
Karlsruhe Institute of Technology (KIT)  မှ သိပ္ပံပညာရှင်များသည် ဖန်တီးပြုလုပ်ထားသော ရိုးတွင်းချဉ်ဆီပုံစံတစ်မျိုးကို ဖန်တီးပြုလုပ်နိုင်ခဲ့သဖြင့် သွေးကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်တစ်ရပ်ကို ရှင်သန်စေခဲ့သည်။ KIT မှ သိပ္ပံပညာရှင် Max Planakနှင့် အဖွဲ့သည် သဘာဝရိုးတွင်းချဉ်ဆီ၏ အခြေခံဂုဏ်သတ္တိများ ပါဝင်သော လူလုပ်ရိုးတွင်းချဉ်ဆီကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။
ရိုးတွင်းချဉ်ဆီတွင်ပါဝင်သော သွေးဆဲလ်မူလပုံစံများသည် သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားများ၏ အခြေခံတည်ဆောက်မှုကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ပျက်စီးနေသော သွေးဆဲလ်များကို အစားထိုးနိုင်သဖြင့် သွေးကင်ဆာရောဂါများတွင် အစားထိုးကုသမှုပြုလုပ်လေ့ရှိသည်။ သို့သော်ရိုးတွင်းချဉ်ဆီ အလှူရှင်နှင့်အလှူခံလူနာအကြားလိုက်ဖက်ရမည့်၊ တူညီရမည့်အချက်များစွာ ရှိနေပေသည်။ ထိုအချက်ကို ဖြေရှင်းနိုင်ရန် သွေးဆဲလ်များ၏ မူလဖြစ်တည်ရာ ရိုးတွင်းချဉ်ဆီ၏ ဖွဲ့စည်းပုံနှင့် ပါဝင်ပစ္စည်းများကို အတုယူတည်ဆောက်ထားသည့် synthetic polymer  များကိုအသုံးပြုထားသော လူလုပ်ရိုးတွင်းချဉ်ဆီကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Max Planak  က ပြောကြားခဲ့သည်။
ယခုဖန်တီးမှုတွင် သုတေသီများသည် မွေးကင်းစ ကလေးများ၏ ချက်ကြိုးသွေးမှ အထူးပြုချဉ်ဆီဆဲလ်များကို အသုံးပြုခဲ့ပြီး ဓာတ်ခွဲခန်းတွင် မွေးမြူကာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပွားများရရှိလာသည့် ချဉ်ဆီဆဲလ်အသစ်များကို ဖန်တီးပြုလုပ်ထားသည့် ရိုးတွင်းချဉ်ဆီတွင် ထည့်သွင်းခဲ့ရာ အောင်မြင်ခဲ့သည်။ ယခုအခါ ကြွက်များ တွင်စမ်းသပ်ခဲ့ရာ ဖန်တီးထားသော လူလုပ်ရိုးတွင်းချဉ် ဆီသည် သွေးကင်ဆာဖြစ်ပွားနေသော ကြွက်များ၏ သွေးဆဲလ်များကို အစားထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ယခုတီထွင်မှုကို Journal of Hoematology  တွင် ဖော်ပြထားခြင်းဖြစ်သည်။
သန့်စင်
Ref: IANS
Health Updates Journal