ပါရမီယာဉ်လိုင်း (၁၇၄) မှ ယာဉ်နောက်လိုက် ခရီးသည်ကို သံပိုက်ဖြင့်ရိုက်

ပို့စ်တင်ချိန် - 1/21/2014 04:51:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၀

ဒဂုံမြို့သစ်(မြောက်ပိုင်း) မှ ရန်ကုန်မြို့တော် တစ်ပတ်ပတ်ကာ ဒဂုံမြို့သစ် (မြောက်ပိုင်း) ဂိတ်ရင်းသို့ ပြေးဆွဲနေသော ပါရမီယာဉ် (၁၇၄) ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်က စီးနင်းလိုက်ပါလာသူကို ယာဉ်နောက်လိုက်က တွန်းချရာမှ စကားများကြပြီး ခရီးသည်တစ်ဦးကို ယာဉ်နောက်လိုက်က သံပိုက်ဖြင့် ရိုက်ခဲ့ကြောင်း အရိုက်ခံရသူ ကိုအောင်မြသွင်က The Voice သို့ ပြောကြားသည်။

ပြင်သစ်ကုမ္ပဏီပိုင် သင်္ဘောတွင် အလုပ်လုပ်ကိုင်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်မြသွင်က တာမွေမြို့ရှိ သူငယ်ချင်းထံ အလည်သွားရောက် ခဲ့ပြီးနောက် ဗဟန်းမြို့နယ် ရေတာရှည်လမ်းသို့ ပြန်ရန် တာမွေ ဗလီရှေ့ ကားမှတ်တိုင်မှ ပါရမီ (၁၇၄) ခရီးသည်တင် ယာဉ်လိုင်းဖြင့် စီးနင်းလိုက်ပါ လာခဲ့ရာ ဗဟန်းမြို့နယ် အုတ်လမ်း ကားမှတ်တိုင်၌ ယာဉ်ပေါ်မှ အဆင်းတွင် ယာဉ်နောက်လိုက်က ၎င်းကို တွန်းချရာမှ စကားများခဲ့ပြီးနောက် ယင်းကဲ့သို့ အရိုက်ခံရကြောင်း ၎င်းက ရှင်းပြသည်။

“ပါရမီ ၁၇၄ နောက်မှာ မ.ထ.သ ၅၀ ယာဉ်လိုင်းက ပါလာတာကြောင့် ကားနှစ်စီး မှတ်တိုင်အပြိုင် လုမောင်းပြီး ကားပေါ်ပါလာတဲ့ ဆင်းမယ့်ခရီးသည် တွေကို တွန်းချတာ။ ကျွန်တော့်ကို တွန်းချလို့ လဲကျမလို ဖြစ်သွားတာကြောင့် စပယ်ယာနဲ့ ကျွန်တော် စကားများနေတုန်း ကားပေါ်က ယာဉ်မောင်းနဲ့ နောက်ထပ် စပယ်ယာ နှစ်ယောက်က သံတုတ်နဲ့ ရိုက်မလို့ ဆင်းလာတာကြောင့် ထွက်ပြေးတာ။ ဒါကို ခါးပိုက်နှိုက်၊ သူခိုးလို့အော်ပြီး နောက်ကနေ လိုက်ရိုက်တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ (၁၇၄) ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အပါအဝင် လေးဦးက ကားဘီးဖြုတ်ရာတွင် အသုံးပြုသော သံလုံးပိုက်ကို ကိုင်ဆောင်ကာ ယုဇနဟိုတယ် အရှေ့မှ ဖိနပ်ချွတ်ကာ ထွက်ပြေးသွားသော ကိုအောင်မြသွင် နောက်သို့ လိုက်လာစဉ် ကိုအောင်မြသွင်မှာ မြောင်းထဲ ကျွံကျခဲ့သောကြောင့် ခြေထောက်နာသွားသဖြင့် မပြေးနိုင်တော့သဖြင့် ရေတာရှည်လမ်းသစ် အတွင်းရှိ အေးရာဇာ ဆေးဆိုင်အတွင်းသို့ ဝင်ပြေးခဲ့ကြောင်း ၎င်းင်းက ရှင်းပြသည်။

“သူတို့ လေးယောက်က ခါးပိုက်နှိုက်လို့ အော်ပြီး ဆေးဆိုင်ထဲ ဝင်ပြေးတဲ့ ကျွန်တော့်ကို သံတုတ်နဲ့ ရိုက်တာ။လက်ကာ လိုက်လို့ ဘယ်လက်ဖျံ ကျိုးသွားပြီး ခေါင်းလည်း ကွဲသွားတယ်။ ခါးတွေကို သံတုတ်နဲ့ ထပ်ရိုက်နေတဲ့အချိန် ရပ်ကွက်ထဲက လူတွေ ရောက်လာပြီး ကျွန်တော့်ကို ရပ်ကွက်ထဲမှာ နေထိုင်တဲ့သူမှန်း မှတ်မိသွားလို့ ဝိုင်းဆွဲကြတာ။ ပြီးတော့ ကျွန်တော့်ကို ခါးပိုက်နှိုက်လို့ ပြောတာကို ရပ်ကွက်ထဲက လူတွေက မသင်္ကာတာကြောင့် သူတို့ လေးယောက်ကို ဖမ်းပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လိုက်ပို့ခဲ့တာ” ဟု အရိုက်ခံရသူ ကိုအောင်မြသွင်က ပြောကြားသည်။

ကားမှတ်တိုင်တွင် ခရီးသည် အတင်အချ လုပ်နေစဉ် ယာဉ်နောက်လိုက်နှင့် ကိုအောင်မြသွင်တို့ စကားများရာမှ ကိုအောင်မြသွင်က ယာဉ်နောက်လိုက်ကို လက်သီးဖြင့် စတင်ထိုးကာ ညစ်ညမ်းစွာ ပြောဆိုပြီး ရပ်ကွက်အတွင်း ထွက်ပြေးသွားရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ကြောင်း ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“ခိုက်ရန် ဖြစ်ပွားပြီးနောက် ရပ်ကွက်ထဲက ပါရမီယာဉ်လိုင်းက လူတွေနဲ့ အရိုက်ခံရတဲ့ လူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ခေါ်လာခဲ့ပြီး ရဲလက် အပ်ခဲ့တာ” ဟု ရေတာရှည်လမ်းသစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖေထိုက်အောင်က ပြောကြားသည်။

ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ် ရွှေကျင်ကျောင်းတိုက်တွင် တည်းခိုနေသူ ကိုအောင်မြသွင်မှာ သံတုတ်ဖြင့် ရိုက်နှက်ခံရသောကြောင့် ဘယ်လက်ဖျံ ကျိုးကာ ဦးခေါင်းကွဲဒဏ်ရာနှင့် ခါးတွင် ညိုမည်းစွဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်း၏ မိသားစုထံမှ သိရှိရသည်။

“ဖြစ်ဖြစ်ချင်း သူတို့ ယာဉ်လိုင်းက အရာရှိတွေ ရောက်လာတယ်။ ဆေးကုသမှု ခံယူနေရတာကို သူတို့ဘက် (ပါရမီ) ဘာမှ ကူညီပေးတာမရှိလို့ စခန်းမှာ အမှုဖွင့်ထားတယ်” ဟု အရိုက်ခံရသူ၏ မိသားစုဝင် မထွေးဝင်းက ပြောကြားသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကို ဇန်နဝါရီလ ၁၆ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားပြီး လက်ဖျံကျိုးအောင် ရိုက်နှက်ခံခဲ့ရသူ ကိုအောင်မြသွင်က ပါရမီယာဉ်လိုင်း အမှတ် (၁၇၄) ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါ လေးဦးကို (ပ) ၂၅/ ၁၄၊ ပုဒ်မ ၂၉၄/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပါရမီ ၁၇၄ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်က ကိုအောင်မြသွင်က လက်သီးဖြင့် ထိုးသည်ဟုဆိုကာ (ပ)၂၆/ ၁၄၊ ပုဒ်မ ၂၉၄/ ၃၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ခရီးသည်ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက် နှင့် ယာဉ်မောင်းအချို့မှာ ခရီးသည်များကို မချေမငံ ဆက်ဆံခြင်း၊ ပြဿာနာ ဖြစ်ပွားပါက ဗိုလ်မှူးများ ရှင်းမည်ဟုဆိုကာ ပြောဆိုမှုများ မကြာခဏ ကြားရကြောင်း အဆိုပါ ခရီးသည်ယာဉ်လိုင်းများကို နေစဉ် အလုပ်သွားအလုပ်ပြန် စီးနင်းသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice Weekly