မသန်စွမ်းကစားသမားများ ရေရှည် အောင်မြင်မှုရရေး အစိုးရက ပံ့ပိုးရန်လို

ပို့စ်တင်ချိန် - 1/21/2014 07:53:00 PM


မသန်စွမ်းအားကစားသမားတွေ ရေရှည်မှာ အောင်မြင်မှုတွေ ရရှိဖို့ ပြိုင်ပွဲတွေ ရှိမှ ခေါ်ယူ အသုံးပြုတာမျိုးမဟုတ်ဘဲ အစိုးရအနေနဲ့ ဖိဖိစီးစီး ပံ့ပိုးကူညီ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ကျင်းပ ပြီးစီးခဲ့တဲ့ မသန်စွမ်းသူတွေရဲ့ ပါရာဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်မြန်မာအသင်းက အဆင့် ၅ နေရာသာ ရရှိခဲ့ပါတယ်။

မသန်စွမ်းကစားသမားတွေ စွမ်းဆောင်ရှင်တွေအဖြစ် ဂုဏ်ယူနိုင်ဖို့ အစိုးရအနေနဲ့ စီမံကိန်းတွေထားပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ပေါ်ပြူလာဂျာနယ်နဲ့ ပေါ်ပြူလာနယူးဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) က ပြောပါတယ်။

“လိုအပ်ချက်တွေက အခုအချိန်မှာ ဘယ်သူ့ကိုမှ လက်ညှိုးထိုး မနေသင့်တော့ဘဲ ကျနော်တို့နိုင်ငံမှာ တဖက်သားကို အားပေးတတ်တဲ့၊ စာနာနားလည်တတ်တဲ့ စိတ်ဓာတ်ကောင်း မသန်စွမ်းကြသေးတာကို အမြန် ပြင်ဆင်ပြီး သန်စွမ်းအောင် စိတ်လေ့ကျင့်ခန်းများများလုပ် ကုစားကုသကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတော်ပိုင်းက ဘယ်အစိုးရတက်တက် အခုလို ပွဲရှိမှ အသုံးချတာမျိုး မဟုတ်ဘဲ အမြဲ အသုံးဝင်၊ လောကကို တထောင့်တနေရာက အလှဆင်နိုင်ကြတဲ့ မသန်စွမ်းတွေ ဖြစ်အောင် ဂုဏ်ဖော်ပေးနိုင်ဖို့ ဘ၀အကြောင်း မသင့်လို့ မသန်စွမ်းဘ၀ ဖြစ်ရပေမယ့် အားမငယ်ရသူ စွမ်းဆောင်ရှင်တွေအဖြစ် ဂုဏ်ယူနိုင်ဖို့ စီမံကိန်းတွေထားပြီး ဆောင်ရွက်ပေးသင့်ပါတယ်။”

အကြားအာရုံ မသန်စွမ်းသူ ဦးနိုင်လင်းက “အစိုးရက အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့ပေးမှုတွေ အကာအကွယ် ပေးမှုတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှု မရှိသေးတာရယ်၊ မသန်စွမ်းသူတွေရဲ့ တကယ်ဘ၀ ဖြတ်သန်းမှုနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ မသန်စွမ်းသူတွေမှာ ရှိနေတဲ့ အရည်အချင်းတွေကို ထုတ်ပြနိုင်မယ့်အခွင့်အလမ်းတွေလည်း နည်းပါးနေတာ ရယ်ကြောင့် လူစိတ်ဝင်စားမှု နည်းတာလို့ ယူဆပါတယ်။ တကယ်လို့ အစိုးရက ဖိဖိစီးစီးနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးမယ်ဆိုရင်တော့ မသန်စွမ်းအားကစားပြိုင်ပွဲတွေသာမကဘဲ မသန်စွမ်းသူတွေရဲ့ ဘ၀တွေကိုပါ လူတွေ ပိုပြီး စိတ်ဝင်စားလာပါလိမ့်မယ်” လို့ ပြောပါတယ်။

ကိုယ်အင်္ဂါမသန်စွမ်းသူ ဗိုလ်ကြီးဟောင်းတဦးကတော့ အစိုးရမှာ မသန်စွမ်းတွေအတွက် ရည်ရွယ်ချက်ရှိပုံမရဘူးလို့ ပြောပါတယ်။

“ပြိုင်ပွဲကတော့ တင်ဆက်ပုံ၊ အစီအစဉ်တွေက ဆီးလ်ဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲလို့ တူတူပါဘဲ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ပိတ်ပွဲကို လာရောက် အားမပေးဘူး။ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တော်တော်များများ မတက်ရောက်ကြဘူး၊ သူတို့မှာ မသန်စွမ်းတွေအတွက် ရည်ရွယ်ချက်မရှိဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့ကနေ ၁၉ ရက်အထိ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာက ရွှေ ၃၄ ခု၊ ငွေ ၂၆ ခုနဲ့ ကြေး ၃၈ ခုနဲ့ အဆင့် ၅ နေရာသာ ရရှိပါတယ်။

ဆုတံဆိပ်အများဆုံးက အင်ဒိုနီးရှား၊ ဒုတိယက ဗီယက်နမ်နဲ့ ထိုင်းက တတိယ အသီးသီး ရရှိခဲ့ကြပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းလ်)နဲ့ ၈ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာပါ။
DVB