အစိုးရပိုင် မော်တော်ယာဉ်စက်ရုံ ပုဂ္ဂလိကသို့ ငှားရမ်းမည်

ပို့စ်တင်ချိန် - 1/21/2014 05:45:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရပိုင် မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းများ ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ထံမှ စုံစမ်း သိရှိရသည်။

ငှားရမ်းမည့် လုပ်ငန်းရှင်များကို ပေးအပ်လုပ်ကိုင်ခြင်းဖြင့် မြုပ်နေသည့် လုပ်ငန်းများ ပြန်လည် ဖြစ်ထွန်းလာ စေလိုကြောင်း စက်မှုဝန်ကြီးဌာန ပစ္စည်းစီမံဌာနခွဲ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

စက်ရုံများမှာ ကြီးမားခြင်း၊ ပစ္စည်းများ ပြန်လည်ထည့်သွင်းခြင်းနှင့် ပြန်လည် မွမ်းမံခြင်းများ ပြုလုပ်ရမည် ဖြစ်သည့် အတွက် လုပ်ကိုင်နိုင်သူ နည်းပါးကြောင်း ၄င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အမှတ် ၁၁ အကြီးစားစက်ရုံ၏ စက်ရုံခွဲ ထောက်ကြန့် မြို့နယ်ရှိ ၂၀ ဧကအကျယ်ရှိ မြေဧရိယာနှင့် ၉၈၄၁ စတုရန်းမီတာ အကျယ်ရှိ အဆောက်အအုံ တစ်လုံးတို့ကို မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို ငှားရမ်းနိုင်ရန် အဆိုပြုလွှာများ ခေါ်ယူနေကြောင်း အဆိုပါဌာနထံမှ သိရသည်။

"အခုငှားပေးမှာက စက်ရုံခွဲပါ။ ပင်မစက်ရုံကြီး ကိုလည်း ငှားရမ်းပေးဖို့ ရှိပါတယ်" ဟု အဆိုပါဌာန အကြီးတန်း အရာရှိက ဆိုသည်။

ယခုငှားရမ်းမည့် မော်တော်ယာဉ် စက်ရုံမှာ လူဦးရေ ၂၉ ယောက်စီး မီနီဘတ်စ် မော်တော်ယာဉ်များ ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ပုဂ္ဂလိကသို့ ငှားရမ်းမည် ဖြစ်သည့်အတွက် ထုတ်လုပ်မှုကို ရပ်တန့်ထားခြင်း ဖြစ်ကာ အဆိုပါ ငှားရမ်းမှုကို ယခုဘဏ္ဍာနှစ် အတွင်း အပြီးသတ် လုပ်ဆောင်မည် ဖြစ်ကြောင်း ပစ္စည်းစီမံဌာန ထံမှ သိရသည်။

The Voice Weekly Myanmar