ကျောင်းများတွင် ဖုန်း၊ ဂိမ်းစက်၊ အင်တာနက်သုံး ကိရိယာ အစရှိသည့် ပစ္စည်းများ အသုံးပြုခြင်းကို တားဆီးရန် လွှတ်တော်မေးမြန်း

ပို့စ်တင်ချိန် - 1/21/2014 05:18:00 PM


နိုင်ငံတစ်ဝှမ်း တရားဝင်ဖွင့်လှစ်ထားသော ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ဖုန်း၊ ဂိမ်းစက်၊ အင်တာနက်သုံး ကိရိယာနှင့် အခြား အီလက်ထရောနစ်ပစ္စည်းများ သယ်ဆောင်အသုံးပြုခြင်းကို တားဆီးထိန်းချုပ်ရန်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စ ဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိနှင့် စပ်လျဉ်း၍ အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား လက်ကိုင်ဖုန်းများ သယ်ဆောင် အသုံးမပြုရန် ညွှန်ကြားထားခြင်းမရှိသော်လည်း ကျောင်းစာသင်ချိန်အတွင်း၌ တယ်လီဖုန်းသုံးခြင်း၊ အင်တာနက်၊ ဂိမ်း၊ ဗီဒီယို၊ ရုပ်ရှင်စသည့် အခြား အီလက်ထရောနစ်ပစ္စည်းများကို လွဲမှားစွာ အသုံးမပြုကြစေရန် ကျောင်းအုပ်ကြီးများ ဦးဆောင်သော ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကျောင်းစည်းကမ်း သတ်မှတ်ချက်ဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်က ထည့်သွင်းဖြေကြားခဲ့ကြောင်း သိရသည်။

ကျောင်းသားမိဘများ အနေဖြင့်လည်း မိမိတို့ကလေးများ ခေတ်ပေါ် အီလက်ထရောနစ် ပစ္စည်းများကို လွဲမှားစွာ အသုံးမပြုစေရေး ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ဒုတိယ၀န်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တတို့ကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ကျောင်းစာသင်ချိန် အတွင်း၌ အဆိုပါ ပစ္စည်းများလွဲမှားစွာ အသုံးမပြုနိုင်ရန် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ထွန်းထွန်း
Internet Journal