ဧရာဝတီမြစ်ရေတိုက်စားခံ အိမ်ခြေ ၃၄ လုံး အတွက် နေရာချပေးရန် မြေလွတ်မြေရိုင်းမရှိဟုဆို

ပို့စ်တင်ချိန် - 1/21/2014 08:39:00 PM


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာအုပ်စု၊ သံဇလုံကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြို၍ နေအိမ်စွန့်ခွာခဲ့ရသော အိမ်ခြေ ၃၄ လုံးကို နေရာချထားပေးရန်အတွက် အနီးဝန်းကျင်၌ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေလွတ်မြေလပ်မရှိကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) မှ ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။

လက်ရှိတွင် ဆိတ်ဖြူ-စလင်း ကားလမ်းဘေး၊ ပြည်သူ့ဆောက်လုပ်ရေး လမ်းဧရိယာအတွင်း ယာယီပြောင်းရွှေ့ချထားပေးထားသော အဆိုပါ အိမ်ထောင်စုများအတွက် မြေနေရာရရှိရေးမှာ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။
အနီးပတ်ဝန်းကျင်တွင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်မရှိသော မြေလွတ်မြေရိုင်းများ မရှိသဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲရှိ၍ ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သိမ်းက ဇန်န၀ါရီ ၂၀ ရက် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ အဆိုပါဒေသရှိ တောင်ငယ်လုံးကျေးရွာမှ တောင်သူ ၁၄ ဦး၏ ယာမြေ ၁၈ ဧကကျော်ကို ရရှိအသုံးပြုနိုင်ရန် ညှိနှိုင်းရာတွင် ယာမြေ ကာလပေါက်ဈေးမှာ တစ်ဧကလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်း အထိသာ ရှိသော်လည်း တစ်ဧကလျှင် ကျပ်သိန်း ၆၀ မှ သိန်း ၁၅၀ အထိ တောင်းနေ၍ ၀ယ်ယူနေထိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

နေအိမ်ပြောင်းရွှေ့လိုသူများနှင့် ယာပိုင်ရှင်များအကြား ပြေလည်မှုရရှိရေး ဆောင်ရွက်ရန်လိုအပ်ပြီး အဆင်ပြေပါက အုပ်ချုပ်ရေးအဖွဲ့အစည်းမှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လန-၃၀ (က)နှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

သံဇလုံကျေးရွာမှ ဧရာဝတီမြစ်ကမ်းပါးပြိုသဖြင့် ၂၀၁၁ တွင် နှစ်လုံး၊ ၂၀၁၂ တွင် ၃၂ လုံး၊ ၂၀၁၄ တွင် ၁၄ လုံး စုစုပေါင်း နေအိမ် ၄၈ လုံး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ရွာတွင် ကျန်ရှိနေသော အိမ်ထောင်စုများသည် မိုးရာသီတွင် မြစ်ရေတိုက်စား၍ ထပ်မံရွှေ့ပြောင်းရမည့် အနေအထားရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဦးကပြောသည်။

Author: သန်းထူး
7 Day Daily