ဥပဒေ ၂ ခု အမြန် ပြဋ္ဌာန်းပေးရန် တင်ပြ

ပို့စ်တင်ချိန် - 1/21/2014 05:55:00 PM

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)

မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့အတွက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ ငွေကြေးတိုက်ဖျက်ရေး ခ၀ါချမှု ဥပဒေ ၂ ရပ်ကို လာမယ့် ဖေဖော်ဝါရီ မတိုင်မီ ပြဋ္ဌာန်းပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးက လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ FATF အစည်းအဝေး ကျင်းပမှာဖြစ်ကြောင်း၊ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို ထပ်မံဆွေးနွေးမှာဖြစ်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှု မရှိပါက တန်ပြန်အရေးယူမှု ပြုလုပ်နိုင်တဲ့အကြောင်း၊ တန်ပြန် အရေးယူမှုလုပ်ရင် စီးပွားရေးပိတ်ဆို့မှု ခံရနိုင်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးစ စီးပွားရေးအခြေအနေ ထိခိုက်စေနိုင်တယ်လို့ ရှင်းလင်းပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဟာ ဒီ ဥပဒေကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်မှာ ၁ ခု အမျိုးသားလွှတ်တော်မှာ ၁ ခု စပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

DVB Burmese