မြောက်ဥက္ကလာပ တရားရုံး မီးလောင်

ပို့စ်တင်ချိန် - 1/21/2014 05:45:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၀

မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် ခေမာသီလမ်းမကြီး ဘေးရှိ မြို့နယ် တရားရုံးတွင် ဇန်နဝါရီလ ၂၀ ရက် နံနက် ၂ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်ပန်ကာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်း ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တရားရုံး၏ စီမံရေးရာ အခန်းရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသော လျှပ်စစ်ပန်ကာ မီးခလုတ်ကို ရုံးပိတ်ရက်တွင် သတိမေ့ကာ မပိတ်မိဘဲ ထားရှိ ခဲ့ရာမှ မီးခလုတ်ခုံ အပူလွန်ကဲ၍ လျှပ်စစ် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တရားရုံး စီမံရေးရာ အခန်းမျက်နှာကြက်၊ တရားခွင် (၄) ခွင် မျက်နှာကြက်၊ ဘီလစ်စတိုခန်း မျက်နှာကြက်များနှင့် တရားရုံးတွင်းရှိ သိမ်းဆည်းထားသော လိုင်စင်မဲ့ သက်သေခံ မော်တော်ဆိုင်ကယ် အစီး ၅၀ ၏ ထိုင်ခုံ ကူရှင်များ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရှိ ရသည်။

"စီမံရေးရာ အခန်းထဲက စာရွက်စာတမ်း တွေနဲ့ ရုံးသုံးပစ္စည်းတွေ ကတော့ မီးလောင်ကုန်ပြီ" ဟု မီးလောင်စဉ်က သွားရောက် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂၆ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၇ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၈ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ် တရားရုံး မီးလောင်မှုကြောင့် အသက် ၂၈ နှစ် အရွယ်ရှိ ဆင့်စာလုလင် ကိုနန္ဒထူးကို မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ (ပ) ၄၈/ ၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေး လျက်ရှိကြောင်း မြောက်ဥက္ကလာပ မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly Myanmar