လှိုင်သာယာအလုပ်အကိုင်ပြပွဲသို့ လူတစ်သောင်းကျော် လာရောက်လေ့လာပြီး အလုပ်လျှောက်လွှာ နှစ်ထောင်ကျော်ရရှိ

ပို့စ်တင်ချိန် - 1/21/2014 08:39:00 PM


လှိုင်သာယာမြို့နယ်မှ စက်ရုံလုပ်သားများကို ဦးစားပေးအလုပ်ခေါ်ဆိုသည့် အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်လွှာ နှစ်ထောင်ကျော် ရရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အနက်  လုပ်ခစား(CMP)လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်လာသဖြင့် စက်ရုံအလုပ်ရုံလုပ်သား ထောင်နှင့်ချီ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် အစိုးရက ဦးစီးဆောင်ရွက်ပြီး ပထမအကြိမ်အဖြစ် စက်မှုဇုန်ရှိ အခြေခံလုပ်သားများအတွက် အလုပ်အကိုင်ပြပွဲကို  လှိုင်သာယာမြို့နယ်တွင် ဇန်န၀ါရီ ၁၈ရက်မှ ၂၀ရက်ထိ သုံးရက်ကြာပြုလုပ်ခဲ့သည်။

ပြပွဲ သုံးရက်အတွင်း ကြည့်ရှုလေ့လာခဲ့သူ တစ်သောင်းဝန်းကျင်ခန့်ရှိပြီး အမျိုးသမီးဦးရေပိုများခဲ့သည်ဟုဆိုသည်။ အထည်ချုပ်လုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်နှုန်း မြင့်တက်လျက်ရှိသဖြင့် အဆိုပါပြပွဲတွင် အထည်ချုပ်စက်ရုံမှ အလုပ်ခေါ်ဆိုမှု များပြားခဲ့သော်လည်း အလုပ်လျှောက်လွှာလက်ခံရရှိမှုနှုန်းမှာ နည်းပါးသည်ဟုသိရသည်။
ယခုပြပွဲသို့ အလုပ်လျှောက်သူများကို တိုက်ရိုက်အင်တာဗျူးများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် အလုပ်ခန့်ထားမှုလူဦးရေစာရင်း ရရှိရန် လတ်တလောတွင် အခက်အခဲရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းရရှိသည်။
““သုံးရက်အတွင်း အလုပ်လျှောက်လွှာ၂၁၉၃ လက်ခံရရှိခဲ့တယ်။ အကုန်နီးပါး အလုပ်ခန့်ဖြစ်မှာပါ။ လတ်တလော တချို့စက်ရုံတွေက အင်တာဗျုးထပ်ခေါ်ဦးမှာတွေရှိသေးတော့ စာရင်းက အတိအကျမရသေးဘူး”” ဟု လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုအလုပ်နေရာများတွင် ခေါ်ဆိုသော စက်ရုံအများစုသည် လုပ်ငန်းတိုးချဲ့လုပ်ကိုင်မှုများ ပိုမိုပါဝင်သည့်အတွက် ခန့်ထားခြင်းခံရသူများသည် လုပ်ငန်းခွင်သို့ ချက်ချင်းဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။ ယခုခေါ်ဆိုသော စက်ရုံလုပ်ငန်းများတွင် လုပ်သားတစ်ဦးအား တစ်လလျှင်  အနည်းဆုံးလုပ်ခလစာ ကျပ်ငါးသောင်းကျော်မှ တစ်သိန်းကျော်အထိ ကျွမ်းကျင်မှုအလိုက် နှုန်းထားသတ်မှတ်ထားကြောင်း သတင်းရရှိသည်။

အလုပ်ခေါ်ဆိုသော စက်ရုံများတွင် အထည်ချုပ်၊ ဖိနပ်၊ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၊ အစားအသောက် စသည့်လုပ်ငန်းများမှ အလုပ်ခေါ်ဆိုခဲ့ပြီး အထည်ချုပ်စက်ရုံအများစု ပါဝင်သည်။

Author: အေးမြတ်သူ
7 Day Daily