HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၉)

ပို့စ်တင်ချိန် - 1/21/2014 08:22:00 PM


မေး။    ။ ကျွန်တော်က လိင်တူဆက်ဆံသူပါ...ကျွန်တော်အမြဲတမ်း ကွန်ဒုံးသုံးပါတယ်။ လွန်ခဲ့တဲ့ သုံးလကျော်လောက်က ကျွန်တော့်စအို တစ်ဝိုက်မှာ အဖုလေးတွေ ပဲစေ့လောက် (အကြီးဆုံး) ဖြစ်လာပါတယ်။ HIV နဲ့ ကာလသား စစ်ကြည့်တော့လဲ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အခု သုံးလကျော်ပြီးတော့ HIV ထပ်စစ်တော့ မရှိဘူးပဲ အဖြေထွက်ပါတယ်။ ကာလသားမှာ HIV လို window period ရှိပါသလား။ နောက်တစ်ခေါက် ထပ်စစ်တော့ ကာလသား မစစ်ဖြစ်ခဲ့ပါဘူး။ အဲလို အဖုလေးတွေ မဖြစ်ခင်က ကျွန်တော်စအိုမှာ ယားယံတာမျိုးဖြစ်ပြီး အနံ့ တစ်ခုပါတဲ့ အချွဲလိုမျိုး ထွက်ပါတယ် အများကြီးမဟုတ်ပါဘူး။

ယားယံလို့ လက်နဲ့ ပွတ်လိုက်မှ သိတာမျိုးပါ။ အဲနောက်မှ အဲလိုမဖြစ်တော့ဘဲ အဖုလေးတွေ ဖြစ်လာတာပါ။ ဘယ်သူ့ ကိုမေးရမှန်းလဲ မသိပါဘူး။ ငွေကြေး ကုန်ကျမှုကိုလဲ သိပ်မတတ်နိုင်လို့ပါ။ ဘယ်လိုလုပ်ရင် ပျောက် ကင်းနိုင်မလဲ ဖြေကြားပေးပါ။ အသိ ဆရာဝန် အစ်ကိုတစ်ယောက်ကို မေးကြည့်တော့သူက အရေပြားအထူးကုကို မေးမှ အဆင်ပြေမယ်လို့ပဲ ပြောပါတယ်။ ကာလသား လိုရောဂါတွေဖြစ်ရင် ဖြစ်တတ် တယ်လို့ ပြောပေမယ့် ကျွန်တော့်မှာ မရှိဘူးလို့ ပြထားတော့ ဘာဖြစ်တာလဲ သိလိုပါတယ်။ ရိုင်းသွားရင် ခွင့်လွှတ်ပေးပါ။ အမြန်ဆုံး ဖြေကြားပေးဖို့ မျှော်လင့်ပါတယ်။

ဖြေ။    ။ အခုပြောပြပုံအရဆိုရင် လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မမြင်ရတဲ့ အတွက် အတိအကျတော့ မပြောနိုင်ပါဘူး။

ကာလသားရောဂါဆိုတာ လိင်ဆက်ဆံတာကနေကူးတဲ့ ရောဂါအားလုံးကို ခေါ်တာပါ။ ရောဂါပေါင်း အမျိုး ၄၀ ကျော် ရှိပါတယ်။ အဖြစ်များတာတွေကတော့ -
၁) ဆစ်ဖလစ်
၂)ဂနို (ဆီးပူညောင်းကျ)
၃) လိင်အင်္ဂါကြွက်နို့
၎)လိင်အင်္ဂါရေယုံ
၅) ဘင် အကြိတ်ထွက်ခြင်း
၆) ကလိုက်ဒီးယား ဆီးပူညောင်းကျ
၇) ဖာကြိုးနာ ခေါ် လိင်အင်္ဂါ အနာ
၈) အသည်းရာင်အသားဝါ ဘီ
၉)အသည်းရောင် အသားဝါ စီ
၁၀) အိတ်ခ်ျအိုင်ဗွီ.... စတာတွေ ဖြစ်ပါတယ်။

ဒီရောဂါတွေမှာ ဘက်တီးယီးရား ပိုးတွေကြောင့် ဖြစ်တဲ့ နံပါတ် ၁၊ ၂၊ ၇ နဲ့ ကပ်ပါးကြောင့် ဖြစ်တဲ့ ၆ တို့ကို အမြစ်ပြတ်အောင် ကုနိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ ရှာဖွေနိုင်ပါတယ်။ ဒါကို မြန်မာပြည်မှာ အလွယ်ပဲ ကာလသားရောဂါ စစ်တယ်ပဲ ပြောပါတယ်။ တကယ်တော့ ဘက်တီးရီယားကိုပဲ စစ်တာပါ။ ဗိုင်းရပ်စ်ပိုးတွေ မပါသေးပါဘူး။ ဗိုင်းရပ်စ်ပိုးတွေဖြစ်တဲ့ နံပါတ် ၈၊၉၊ ၁၀ ကို မြန်မာနိုင်ငံမှာ စစ်လို့ ရပေမယ့် နံပါတ် ၃၊ ၄ ကို မြန်မာနိုင်ငံက ဓာတ်ခွဲခန်းမှာ စစ်လို့မရပါဘူး။

ဒီတော့ လိင်အင်္ဂါကြွက်နို့ကို စစ်လို့ မရပါဘူး။ အရေတွေထွက်တယ် အဖုလေးတွေ အကြီး အသေး ဖြစ်နေတာက ကြွက်နို့ရဲ့ လက္ခဏာပါ။ ဒါက လိင်ဆက်ဆံမှ မဟုတ်ပါဘူး။ တခြားလူဆီက ကြွက်နို့ကထွက်တဲ့ အဲဒီအရည်ချွဲချွဲကို ကိုင်မိရင်တောင် ကူးစက်နိုင်ပါတယ်။ ဒီအဖုတွေက ထွက်တဲ့ အရည်တွေကို လက်နဲ့ မထိပါစေနဲ့။ သူများကို ကူးတတ်သလို ကိုယ်ခန္ဓာ တခြားနေရာတွေကိုလည်း ကူးစက်တတ်ပါတယ်။ အထူးသဖြင့် လိင်တံ၊ ကပ်ပယ်အိတ်၊ ပေါင်ခြံတွေကို ကူးစက်တတ်ပါတယ်။

လုပ်ရမှာက ကာလသားရောဂါ အထူးကု သို့မဟုတ် အရေပြား ဆရာဝန်နဲ့ ပြပါ။ ရန်ကုန်မှာဆိုရင်တော့ အန်ဂျီအိုဆေးခန်းတွေမှာ ပြသလို့ရပါတယ် ဥပမာ- PSI, MDM စတဲ့ ဆေးခန်းတွေမှာ လိင်တူဆက်ဆံသူတွေ အတွက် အထူး ၀န်ဆောင်မှုပေးပါတယ်။ HIM Website မှာ ဆေးခန်းတွေရဲ့ လိပ်စာတွေကို ရယူနိုင်ပါတယ်။

မှာလိုတာက ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံရင် ပါးစပ်ကို အသုံးမပြုပါနဲ့။ ဒီကြွက်နို့တွေက လည်ချောင်း၊ စအိုလမ်းကြောင်းတွေ ထဲမှာပါ ပေါက်တတ်ပါတယ်။ ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကို မကူးမိအောင် သတိပြုပါ။ ကုသဖို့ အတွက် ဒီကြွက်နို့ကို သက်သာအောင်တော့ လုပ်လို့ရပါတယ်။ လုံးဝပျောက်အောင်တော့ ကုသလို့မရသေးပါဘူး။ ဒီကြွက်နို့တွေက စိတ်ဖိစီးမှုများရင်၊ အလုပ်ပင်ပန်းရင် ပိုထတတ်ပါတယ်။ ခုခံအားကောင်းအောင်နေပါ၊ အနားယူပါ။

မေးလိုတာရှိလည်း HIM ထပ်ကို မေးနိုင်ပါတယ်။

လမင်းကို
HIV Information for Myanmar