ရုရှားလိုလားသူ လက်နက်ကိုင်တွေ ယူကရိန်း စစ်ဖက်ရဟတ်ယာဉ်တစီးကို ပစ်ချ၊ ၁ ဦးသေဆုံး

ပို့စ်တင်ချိန် - 5/03/2014 04:01:00 PM


ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဆလားဗီယန့်မြို့ (Slaviansk) မှာ ရုရှားလိုလားသူလက်နက်ကိုင်တွေက ယူကရိန်း စစ်ဖက်ရဟတ်ယာဉ်တစီးကို မေလ ၂ ရက်နေ့က ပစ်ချခဲ့ကြပါတယ်။

ဓာတ်ပုံ – ရိုက်တာ

မေလ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၄ နာရီခွဲမှာ ယူကရိန်းခွဲထွက်သူတွေ အခိုင်အမာ သိမ်းပိုက်ထားတဲ့ ဆလားဗီယန့်မြို့ကို ယူကရိန်းလေတပ်က စစ်ဆင်ရေးစတင်ခဲ့ပြီး ရုရှား လိုလားသူတွေရဲ့ လုံခြုံရေးဂိတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း စစ်ဖက်ရဟတ်ယာဉ် ပစ်ချခံရမှုကို ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆင် အေဗာကောဗ့် ကလည်း အတည်ပြုခဲ့ပြီး ရဟတ်ယာဉ်ပိုင်လော့တဦး သေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။
ယူကရိန်းခွဲထွက်ရေးတွေက အဆင့်မြင့်လက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အပေါ့စား လေယာဉ်ပစ်ဒုံးကျည်ထိမှန်ခဲ့လို့ ရဟတ်ယာဉ်ပျက်ကျခဲ့တာလို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ဆက်ပြောခဲ့ပါတယ်။ အခြားစစ်သားတွေလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားလိုလားသူ ဆလားဗီယန့်မြို့ဝန်က ရဟတ်ယာဉ်နှစ်စီးပစ်ချခံခဲ့ရပြီး ပိုင်းလော့တဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြောဆိုခဲ့ပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ယူကရိန်းအရှေ့ပိုင်းကို ယူကရိန်းစစ်တပ်က အင်အားသုံးလာရင်တော့ ဆိုးဝါးတဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁ ရက်နေ့က သတိပေးခဲ့ပါတယ်။

ယူကရိန်းယာယီသမ္မတ အလက်ဆန်ဒါ တာချီနောဖ့်က ရုရှားတပ်တွေ ကျူးကျော်လာနိုင်တဲ့ အတွက် ယူကရိန်းစစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားတယ်လို့ ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ ရုရှားနိုင်ငံက တပ်အင်အား ၄ သောင်းလောက်တပ်ချထားပါတယ်။

DVB Burmese