တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ခေါ်ဆောင်လာစဉ် ဖမ်းမိ

ပို့စ်တင်ချိန် - 5/03/2014 09:56:00 AM


နေပြည်တော် မေ ၂

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးအား တရုတ်အမျိုးသားနှင့် ပေးစားရန် ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိသဖြင့် စည်းရုံးစုဆောင်းသူနှင့် ခေါ်ဆောင်လာသူတို့အား ဧပြီ ၃၀ ရက်က မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် ကန်ပတ်လမ်းနေ ဒေါ်ရင်လေး ၏ အိမ်တွင် တည်းခိုနေသူ မနော်ဝါး အယ်မူး(ခ)ပိုပို(တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျသူ)က အမျိုး သမီးငယ်များအား တရုတ်အမျိုးသားများနှင့် လက်ထပ်ပေးရန် လာရောက် စည်းရုံး ခေါ်ဆောင်နေကြောင်းသတင်းအရ တပ်ဖွဲ့စု(မန္တလေး)က တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောင်မြေသာစံမြို့နယ် တာဘောင်လမ်း (၁၁ လမ်းနှင့် ၁၂လမ်း) ကြား၌စောင့်ဆိုင်းနေစဉ် ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲတွင် မနော်ဝါးအယ်မူး(ခ)ပိုပိုတို့ ငှားရမ်းစီးနင်းလာသည့် မန္တလေး-မူဆယ် ပြေးဆွဲသော အမြန်ယာဉ်ငယ်ဗင်ကားအဖြူရောင်အား တားဆီး၍ မနော်ဝါးအယ်မူး(ခ)ပိုပိုနှင့်အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးတို့အား တပ်ဖွဲ့စု(မန္တလေး)ရုံးသို့  ခေါ်ဆောင်ပြီး တွေ့ဆုံ မေးမြန်းခဲ့သည်။

တွေ့ဆုံမေးမြန်းချက်များအရ မနော်ဝါးအယ်မူး(ခ)ပိုပိုသည် လွန်ခဲ့သောသုံးနှစ်ခန့်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ တရုတ်အမျိုးသားနှင့် လက်ထပ်မည့် မိန်းကလေးများအားစည်းရုံးခေါ်ဆောင်ရန်အတွက် မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အိုးဘို ရပ်ကွက် ကန်ပတ်လမ်းနေ မွေးစား မိခင် ဒေါ်ရင်လေးနေအိမ်သို့ ရောက်ရှိတည်းခိုခဲ့ကြောင်း၊ မနော်ဝါး အယ်မူးက ချမ်းမြသာစည်မြို့နယ်မှ အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးအား တရုတ် အမျိုးသားအား ယူပါက ငွေများစွာ ရရှိပြီးငွေသုံးနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့လည်း ပြန်လာ၍ ရမည်ဟု စည်းရုံးပြောဆိုပြီး ကြိုတင်ငွေကျပ်တစ်သိန်းကို မွေးစားမိခင် ဒေါ်ရင်လေးမှ တစ်ဆင့်ပေး ခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ခင်ပွန်း တရုတ်အမျိုးသား၏အစ်ကို (တရုတ် နိုင်ငံသား)နှင့် ပေးစားရန် ခေါ်ဆောင်လာစဉ် ယခုကဲ့သို့ စစ်ဆေး မေးမြန်းခံရခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဆေးချက်များအရ ငွေကြေးအကျိုးအမြတ်အတွက် ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ချမ်းမြ သာစည်မြို့နယ်မှ အသက် (၂၀) အရွယ်အမျိုးသမီး တစ်ဦးအား ခေါ်ဆောင်ခဲ့သူ မနော်ဝါးအယ်မူး(ခ) ပိုပိုနှင့် လူစုဆောင်းရှာဖွေ သူဒေါ်ရင်လေး တို့နှစ်ဦးအား အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းမှ (ပ)၁၃၉/၂၀၁၄၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

MOI Webportal Myanmar