လက်နက်ကိုင်များ သိမ်းပိုက်ထားသော မြို့ကို ပြန်လည်ရယူရန် ယူကရိန်းအစိုးရ အကြီးအကျယ် ထိုးစစ်ဆင်

ပို့စ်တင်ချိန် - 5/03/2014 02:02:00 PM





ကိဗ်ယက်၊ မေ ၂

ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားကို လိုလားသော လက်နက်ကိုင်များ သိမ်းပိုက်ထားရာ နယ်မြေများထဲမှ Slaviansk မြို့ကို ပြန်လည်ရယူရန် ယူကရိန်းအစိုးရက အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ပြုလုပ်လျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ Donetsk ပြည်နယ်၊ Luhansk ပြည်နယ်နှင့် Kharkiv ပြည်နယ်များရှိ မြို့များကို ရုရှားလိုလားသော လက်နက်ကိုင်များက သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ယခု ယူကရိန်းအစိုးရက ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ်သည်။

Donetsk ပြည်နယ်ရှိ Slaviansk မြို့ကို ပြန်လည်ရယူရန် ယူကရိန်းအစိုးရက သောကြာနေ့က အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယူကရိန်း အစိုးရတပ်မှ လေယာဉ်မောင်းတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာဆန်အာဗာကော့ဗ်က ပြောကြားသည်။

ရုရှားလိုလားသူ လက်နက်ကိုင်များသည် လေယာဉ်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့သည် ကြေးစားတပ်သားများကို အသုံးပြုလျက် ရှိကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာဆန်အာဗာကော့ဗ်က ပြောကြားသည်။

Slaviansk မြို့စွန်တွင် ပစ်ခတ် တိုက်ခိုက်နေသော စစ်ရဟတ်ယာဉ် တစ်စင်းကို တွေ့ရှိရကြောင်း ရိုက်တာ သတင်းဌာန၏ ဓာတ်ပုံ သတင်းထောက် တစ်ဦးက ပြောကြားပြီး သေနတ်ပစ်ခတ်သံများကိုလည်း ကြားရကြောင်း သတင်းထောက်တစ်ဦးက ပြောကြားသည်။

ယူကရိန်းအရှေ့ပိုင်း မြို့အတော်များများကို ရုရှားလိုလားသူ လက်နက်ကိုင်များက သိမ်းပိုက်ထားခြင်းသည် ယူကရိန်းအရှေ့ခြမ်း လုံခြုံရေးကို ဆိုးဝါးလာစေကြောင်း ယူကရိန်းယာယီသမ္မတ Turchynov က ပြောကြားလိုက်ပြီး ယူကရိန်းရှိ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူများကို စစ်မှုမထမ်း မနေရ အမိန့်ထုတ်ပြန်ခဲ့သည်။

ယူကရိန်း အရှေ့ပိုင်းပြည်နယ် မြို့တော်တစ်ခု ဖြစ်သော Donetsk မြို့ကို ရုရှားလိုလားသူများက သိမ်းပိုက်ထားပြီးနောက် Donetsk ပြည်သူ့သမ္မတ နိုင်ငံတော်အဖြစ် ကြေညာခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ယူကရိန်းမှ ခွဲထွက်ခြင်းနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ကျင်းပမည် ဖြစ်သည်။

ယူကရိန်းအရှေ့ပိုင်းရှိ နယ်မြေများကို ယူကရိန်းအစိုးရသာ ဆုံးရှုံးခဲ့ပါက နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ကယူကရိန်းကို ထောက်ပံ့ထားသော အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကို ပြန်လည် ဒီဇိုင်းဆင်ရမည် ဖြစ်ကြောင်း IMF က ကြောညာခဲ့သည်။

ယူကရိန်းတွင် ယခုကဲ့သို့ အကျပ်အတည်းများနှင့် ကြုံတွေ့နေရစဉ်တွင် ယူကရိန်းရှိ ရုရှားစစ်သံမှူး တစ်ဦးကို သူလျှိုလုပ်မှုဖြင့် ယူကရိန်းက နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

ရုရှားစကားပြော လူမျိုးများ အများစုနေထိုင်ရာ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသူ လက်နက်ကိုင်များက ပြည်နယ်မြို့တော်များကို စီးနင်းသိမ်းပိုက်သည့် ကိစ္စတွင် ရုရှားက ဦးဆောင် ညွှန်ကြားနေကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားထားသည်။

ယူကရိန်း၏ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုသော်လည်း ယူကရိန်းရှိ ရုရှား၏ အကျိုးစီးပွားများကို ထိပါးလာပါက ရုရှားတပ်ဖွဲ့ဝင်များ စေလွှတ်ခွင့်ရှိကြောင်း ရုရှားက သတိပေး ပြောကြားထားသည်။

The Voice Weekly