အမြင့်ပေ ၃၆,၀၀၀ တွင် ကလေးမွေးဖွားမှုကြောင့် လေယာဉ် အရေးပေါ် ဆင်းသက်ရ

ပို့စ်တင်ချိန် - 5/03/2014 07:35:00 AM

လေယာဉ်ပျံသန်းမှုလမ်းကြောင်းနှင့် အရေးပေါ် ဆင်းသက်ခဲ့သည့် အခြေအနေပြ မြေပုံ

ယူဂျန်ဝါ အိုဇီဟ် အမည်ရှိ အမျိုးသမီးသည် အမြင့်ပေပေါင်း ၃၆,၀၀၀ ၌ လေယာဉ် ပျံသန်းနေစဉ်အတွင်း သားယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့မှုကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်

British Airways လေကြောင်းလိုင်းမှ Boeing 777 အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းသည် နိုက်ဂျီးရီးယားမှ ဗြိတိန်သို့ ပျံသန်းလာစဉ် စပိန်နိုင်ငံ မာယော့ကာတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။ သို့သော် လေယာဉ် အရေးပေါ်ဆင်းသက်ရခြင်းမှာ အကြမ်းဖက်တိုက်ခိုက်မည့် ခြိမ်းခြောက်မှုနှင့် အခြား ထိတ်လန့်စရာ ကိစ္စကြောင့် မဟုတ်ဘဲ မင်္ဂလာရှိသည့် ဖြစ်ရပ်တစ်ခုကြောင့်ဟု သိရှိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသော အသက် ၃၁ နှစ်အရွယ်ရှိ ယူဂျန်ဝါ အိုဇီဟ် အမည်ရှိ အမျိုးသမီးသည် အမြင့်ပေပေါင်း ၃၆,၀၀၀ ၌ လေယာဉ် ပျံသန်းနေစဉ်အတွင်း သားယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့မှုကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ သူမသည် ဇာတိမြို့ဖြစ်သည့် နိုက်ဂျီးရီးယားမြို့တော် အဘူဂျာမှ လန်ဒန် ဟီးသရိုးလေဆိပ်ကို ပျံသန်းသည့် လေယာဉ်ပေါ်တွင် လိုက်ပါလာစဉ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ အိုဇီဟ်မှာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၆ ပတ် (၆ လနှင့် ၂ ပတ်) သာ ရှိနေသေးပြီး လမစေ့မီ ကလေးမွေးဖွားခဲ့ခြင်းလည်း ဖြစ်သည်။


၎င်းတို့ သားအမိကို မာယော့ကာမှာတဲ့ Son Espases ဆေးရုံသို့ တင်ပို့လိုက်ရပြီး မိခင်နှင့် ကလေး နှစ်ဦးလုံး အခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်း သိရသည်။ မိခင်ဖြစ်သူ အိုဇီဟ်မှာ လာမည့် တနင်္လာနေ့တွင် ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်သည်။ မိုက်ကယ်ဟု နာမည်ပေးထားသော ကလေးကိုမူ တွက်ချက်ခန့်မှန်းထားသည့် မွေးဖွားကာလ သြဂုတ်လအထိ ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကာ ဖွံ့ဖြိုးမှုပုံမှန်ဖြစ်အောင် ပြုစုစောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network