တစ်လအတွင်း စည်းကမ်းမဲ့ပြိုင်ကား ၄၀ ကျော်အရေးယူ

ပို့စ်တင်ချိန် - 5/03/2014 09:58:00 AM


ရန်ကုန်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း အရှိန်လွန် မောင်းနှင်သည့် စည်းကမ်းမဲ့ ပြိုင်ကား ၄၀ ကျော်ကို တစ်လအတွင်း အရေးယူမှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘တစ်လအတွင်း အစီးရေ ၄၃ စီးဖမ်းဆီးနိုင်ခဲ့တယ်။ အရှိန်လွန်မောင်းတာအပြင် နံပါတ်ပြား မပါတာတွေ၊ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ အဆင်တန်ဆာတွေ တပ်ဆင်ထားတဲ့ အတွက် အရေးယူတာပါ’’ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

စည်းကမ်းမဲ့ပြိုင်ကားများကို စောင့်ဆိုင်းဖမ်းဆီးရန် ရန်ကုန်မြို့ ရှိ နေရာ ၁၀ နေရာအားထပ်မံ တိုးချဲ့ပြီးနောက်ပိုင်းတွင် ပထမ ဆုံးအကြိမ်အဖြစ် တစ်လအတွင်း အစီးရေ ၄၀ ကျော်ဖမ်းဆီးအ ရေးယူခဲ့ခြင်းဖြစ်သည်။

 ၂၀၁၂ အတွင်း မြို့တွင်း မောင်းနှင်လျက်ရှိသော စည်း ကမ်းမဲ့ပြိုင်ကားများကို ဖမ်းဆီး ရန် ပထမဆုံးအကြိမ်ဖမ်းဆီးရေး အဖွဲ့ ၁၀ ဖွဲ့ဖွဲ့စည်းခဲ့သော်လည်း ယင်းအဖွဲ့အစည်းအနေဖြင့် စည်း ကမ်းမဲ့ပြိုင်ကား ဖမ်းဆီးရမိမှု တစ်စီးမျှ မရှိသောကြောင့် အဖွဲ့ များကိုတိုးချဲ့ကာ နေရာ ၁၀ နေ ရာထပ်မံတိုးချဲ့ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

‘‘ခုနောက်ပိုင်းပြိုင်ကားတင် မဟုတ်ဘဲ ပြိုင်ကားပုံစံဖမ်းပြီး ပါဝါအိတ်ဇောတွေတပ်ပြီး မြို့ တွင်းပြိုင်ဆိုင်မောင်းနှင်လာတဲ့ ဟွန်ဒါဖစ်လိုကား  အမျိုးအစား တွေပါ တွေ့လာရတယ်။  အဲဒီလို ယာဉ်အမျိုးအစားတွေကိုလည်းဖမ်းဆီးဖို့အခွင့်အာဏာရရှိထားပြီးပါပြီ’’ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ရဲအုပ်လှကျော်ကပြောသည်။

 လတ်တလောစီမံချက်ပုံစံ ဖြင့် ပြိုင်ကားများ အားလုံးကို လိုက်လံဖမ်းဆီးခြင်းမဟုတ်ဘဲ လက်နက်ပါရှိမှု၊  လိုင်စင်၊ ၀ှီး တက်၊ မီးလုံးအပို၊ စတစ်ကာများ ကပ်ထားခြင်း၊ သတ်မှတ်ကီလို ထက်ပိုမိုမောင်းနှင်ခြင်း၊ တာယာ ကြံ့ခိုင်မှုရှိ၊မရှိ၊ အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း ရှိ၊ မရှိစသည်တို့ကို စစ်ဆေးကာဖမ်းဆီးအရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွန်ခဲ့သော နှစ်လခန့်က လည်း ရန်ကုန်မြို့ အင်းလျား ကန်ပေါင်ရှေ့တွင် အငှားယာဉ်မောင်းတစ်ဦးကို ပြိုင်ကားအုပ်စုတစ်စုကအကြမ်းဖက်မှုဖြစ်ပွားခဲ့ကာ အဆိုပါ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် တာဝန်ရှိသူများမှ ယခုကဲ့သို့ဖမ်းဆီး စစ်ဆေးမှုများ ပိုမိုပြုလုပ်လာခဲ့ ခြင်းဖြစ်သည်။

Author: ဇွဲမာန်
7DAY DAILY