လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင်တစ်သန်းကျော် ဗြိတိန်ထောက်ပံ့

ပို့စ်တင်ချိန် - 5/03/2014 06:16:00 PM



ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ အကူအညီအတွက် စတာလင်ပေါင် တစ်သန်းကျော်ကို ဗြိတိန်နိုင်ငံက ထောက်ပံ့ရန် သဘောတူလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းသို့ ထောက်ပံ့ရန်အတွက် ဧပြီလ ၃၀ ရက်နေ့က အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဗြိတိန်အစိုးရတို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဗြိတိန်အစိုးရ နည်းပညာ အထောက်အကူ အဖွဲ့မှ အကြံပေးများနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ သင့်တင့်မျှတပြီး ပွင့်လင်းမြင်သာသော ပုဂ္ဂလိက မြှုပ်နှံမှုများ ပေါ်ထွက်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ သဘောတူညီချက်အရ ၂၀၁၅ အထိ စီမံခန့်ခွဲရေး အကူအညီများအတွက် စတာလင်ပေါင် ၁ ဒသမ ၀၂၆ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်သံရုံးမှ သိရသည်။

“မြန်မာအစိုးရကို ကူညီတဲ့အခါ လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုလည်း ရလာမယ်။ လူထုရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးမှာပါ အကျိုးသက်ရောက်မှု ကောင်းတွေ ဖြစ်လာစေမှာပါ” ဟု ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဌာန မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Gavin McGillvray က ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရရှိနေပြီး လက်ရှိ အသုံးပြုနေသော မဟာဓာတ်အား လိုင်းများမှာလည်း အကြီးစား ပြုပြင်မှုများ လိုအပ်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စစ်တမ်းများတွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီများက လွှဲပြောင်း လုပ်ကိုင်နေမှုများ ရှိပြီး ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့်အတွက် တစ်နှစ်လျှင် တစ်ကြိမ် စာချုပ်ချုပ်ဆိုရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly