ကန်တော်ကြီး ရေချိုငါးဥယျာဉ်ကို ကမ္ဘာ့အဆင့်မီ မြေအောက်နှင့် ရေအောက်ငါးပြတိုက်ကြီးအဖြစ် ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်မည်

ပို့စ်တင်ချိန် - 5/03/2014 07:58:00 AM

ကန်တော်ကြီး ရေချိုငါးဥယျာဉ် အတွင်းပိုင်းတစ်နေရာအား မေလ ၂ ရက်က တွေ့ရစဉ်

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ရေချိုငါးဥယျာဉ်ကို ကမ္ဘာ့အဆင့်မီ ရေချို ရေငန် မြေအောက်၊ ရေအောက် ငါးပြတိုက်ကြီးအဖြစ် ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း၏ ပြောကြားချက်အရ သိရသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအဖြစ် တာဝန်ယူခဲ့ပြီး ငါးပြတိုက်တွင် ရေချိုငါးကောင်ရေ ၁၀၈၃၁ ကောင်ကို ပြကွက် ၄၇ ကွက်ဖြင့် ပြသခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စတင်ဆောင်ရွက်ချိန်တွင် လစဉ် ၀င်ငွေနှင့် အသုံးစရိတ်မျှတမှုမရှိဘဲ အရှုံးပေါ်နေသည့် အခြေအနေ ဖြစ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ရေချိုငါးဥယျာဉ်၏ ဂိတ်ဝင်ကြေးများကို လူကြီးတစ်ယောက် ကျပ် ၅၀၀ မှ လူကြီး ကျပ် ၁၀၀၀ နှင့် ကလေး ကျပ် ၅၀၀ သို့လည်းကောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် လူကြီး ကျပ် ၁၀၀၀ နှင့် ကလေး ကျပ် ၅၀၀ မှ လူကြီးကလေးတစ်ဦးလျှင် နှစ်ဒေါ်လာသို့ လည်းကောင်း ပြင်ဆင်သတ်မှတ် ကောက်ခံခဲ့သဖြင့် လစဉ်အရှုံးပေါ်ရာမှ အရှုံးမရှိတော့ဘဲ ထိုက်သင့်သည့် အမြတ်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ်သည် အချက်အချာကျသည့် နေရာတွင် တည်ရှိခြင်းကြောင့် ၎င်းကို နိုင်ငံတကာအဆင့်မီ ရေချိုငါးဥယျာဉ်ကြီး၊ မြေအောက်နှင့် ရေအောက် ငါးပြတိုက်ကြီးများအဖြစ် တည်ဆောက်နိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင် ကုမ္ပဏီများကို ၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားသော အဖွဲ့ဝင် ကိုးဦးပါဝင်သည့် တင်ဒါရောင်းချရေးအဖွဲ့ ရှေ့မှောက် တွင် တင်ဒါတင်သွင်း လက်မှတ်များ လက်ခံရွေးချယ် ကြေညာခဲ့ကြောင်း သိရသည်။

တင်ဒါတင်သွင်းသူ ငါးဦးရှိပြီး ဒေါ်ယုယုဝင်း၊ ကမာရွတ်မြို့နယ်နေသူက တစ်နှစ်ငှားရမ်းခအဖြစ် ကျပ်သိန်း ၁၂၀၀၊ ဦးရင်ထွန်းသက် ဗဟန်းမြို့နယ်နေသူက ၉၉၉ ဒသမ ၉၉ သိန်း၊ ဦးဇေယျာသူရမွန် ကမာရွတ်မြို့နယ် နေသူက သိန်း ၆၀၀၊ ဒေါ်ခင်သန့်ဇင်ဝင်း အင်းစိန်မြို့နယ်နေသူက သိန်း ၃၀၀၊ ဦးပြည့်စုံအောင် (Junction Square) က ကျပ်သိန်း ၂၅၀ ဖြင့် တင်သွင်းခဲ့ရာ ၎င်းတို့အနက် တင်ဒါသွင်းသူ ငှားရမ်းခ အများဆုံး ကျပ်သိန်း ၁၂၀၀ ဖြင့်ပေးသည့် ဒေါ်ယုယုဝင်းက တင်ဒါရရှိခဲ့ကြောင်း ဦးစိုးမင်းက ပြောကြားသည်။

ကန်တော်ကြီး ရေချိုငါးဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ဒေါ်ယုယုဝင်းကို ၁၀.၅.၅ နှစ် ငှားရမ်းခြင်း စာချုပ်ဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်လွှဲပြောင်းပေးကာ ဆောင်ရွက်စေခဲ့ပြီး ကမ္ဘာ့အဆင့်မီ ရေချို၊ရေငန် မြေအောက်ရေအောက် ငါးပြတိုက်ကြီးကို နှစ်နှစ်အတွင်း ဒေါ်လာ ၁၅ သန်း အကုန်အကျခံ တည်ဆောက်၍ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ရေချိုငါးဥယျာဉ် ကဲ့သို့သော အပန်းဖြေစရာ ဧရိယာကျဉ်းမြောင်းသည့် နေရာအား ငှားရမ်းမှုသည်ပင် တစ်နှစ်ကျပ်သိန်း ၁၂၀၀ အထိရရှိပြီး ၎င်းထက်အဆပေါင်းများစွာ ကျယ်ဝန်းကြီး အဆပေါင်းများစွာ ၀င်ငွေကောင်းသည့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခမှာ တစ်နှစ်ကျပ်သိန်း ၇၀၀ သာရရှိခြင်းကို ကြည့်ချင်းဖြင့် နိုင်ငံမည်မျှ နစ်နာသည်ကို သိရှိနိုင်သည်။

ယင်းသို့တည်ဆောက်ရန် စင်ကာပူနှင့် သြစတြေးလျ ပညာရှင်များဖြင့် ဒီဇိုင်းဆွဲခြင်း၊ တွက်ချက်ခြင်းများ ဆောင်ရွက်ပြီးစီးသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ငါးလုပ်ငန်း ဦးစီးဌာနများသို့ တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ဦးစိုးမင်းက ဆိုသည်။

Eleven Media Group