Samsung ကုမ္ပဏီမှ Apple ကုမ္ပဏီသို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန် တရားရုံး စီရင်ချက်ချ

ပို့စ်တင်ချိန် - 5/03/2014 04:02:00 PM



မေ ၃။

မူပိုင်ခွင့် နှစ်ခုအားချိုးဖောက်မှုဖြင့် Samsung သည် Apple သို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန်အတွက် အမေရိကန်
တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။

ကာလီဖိုးနီးယား ဂျူရီမှ နည်းပညာ ကုမ္ပဏီကြီး နှစ်ခုပါဝင် ပတ်သက်နေသည့် နောက်ဆုံး တရားစီရင်မှုများနှင့် ပတ်သက်ပြီး ၎င်းစီရင်ချက်ကို
ဆန်ဂျိုဆေးရှိ ဗဟိုတရားရုံးသို့ သောကြာနေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လနှင့်ချီ ကြာမြင့်ခဲ့သော တရားစွဲဆိုမှုတွင် Apple မှ ရရှိထားသော စမတ်ဖုန်း အင်္ဂါရပ်အချို့၏ မူပိုင်ခွင့်ကို Samsung မှ ဖောက်ဖျက်နေကြောင်း စွပ်စွဲ
ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်းရုံးမှပင် Apple သည် Samsung ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ
၁၅၈၀၀၀ ကို ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။

Apple ကုမ္ပဏီသည် “Slight to Unlock” စသည့် လုပ်ဆောင်မှုမျိုး ပါဝင်သော ၎င်း၏ မူပိုင်ခွင့် ၅ ခုအား Samsung မှ ဖောက်ဖျက်ခြင်းအတွက် နစ်နာကြေး
အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံကို တောင်းဆိုထားခဲ့သည်။ မည်ကဲ့သို့မျှ မှားယွင်းလုပ်ဆောင်မှုမျိုး မရှိခဲ့ကြောင်း Samsung မှ ငြင်းပယ်ထားပြီး ၎င်းမူပိုင်ခွင့်
ရရှိထားသည့် ကင်မရာ အသုံးပြုမှု၊ ဗွီဒီယို ထုတ်လွှင့်မှုများနှင့် ဆက်နွယ်၍ Apple မှ ချိုးဖောက်ခဲ့ကြောင်း ပြန်လည် စွပ်စွဲထားပြီး နစ်နာကြေး အမေရိကန်
ဒေါ်လာ ၆ မီလျံကို တောင်းဆိုထားသည်။

“ ပုံမှန် စံနှုန်းတွေအရဆိုရင် စီရင်ချက် ပမာဏဟာ များပြားလွန်းပေမဲ့လည်း ဒီရလဒ်ဟာ Apple ရဲ့ အောင်မြင်မှုလို့တော့ ပြောဖို့ ခက်ပါတယ် ” ဟု Samsung
ပေးဆောင်ရမည့် လျော်ကြေးနှင့် ပတ်သက်ပြီး စန်တာကလဲရာ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ ဘရိုင်ယန်လဗ်မှ ပြောဆိုခဲ့သည်။ ၎င်းပမာဏသည် Apple မှ
တောင်းဆိုထားသည့် နစ်နာကြေး၏ ၁၀ ရာခိုင်နှုန်းအောက်ပင် လျော့နည်းပြီး တရားစွဲဆိုမှု ကုန်ကျစရိတ် ပမာဏကိုပင် ကျော်ဖြတ်ရန် မလွယ်ကူကြောင်းလည်း
ပြောဆိုသွားခဲ့သည်။

Apple ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့သည် နိုင်ငံပေါင်းများစွာတွင် မူပိုင်ခွင့်များနှင့် ပတ်သက်ပြီး နှစ်အနည်းငယ်ခန့်ကတည်းက အပြန်အလှန် တရားစွဲဆို
မှုများကို ပြုလုပ်လျက် ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း Samsung မှ Apple သို့ နည်းပညာ အသုံးပြုမှု နစ်နာကြေး အမေရိကန်ဒေါ်လာ ၉၃၀ မီလျံကို
ပေးဆောင်ရန် သီးခြား တရားရုံးမှ ချမှတ်ခဲ့သေးသည်။ ၎င်းစီရင်ချက်အား Samsung မှ ယနေ့ထက်တိုင် ဆက်လက် တိုက်ခိုက်လျက် ရှိသည်။

Ref: BBC

The Myanma Age