ငါးကို အရုပ်ရေးပြရတဲ့ခေတ် ရောက်တော့မှာလား

ပို့စ်တင်ချိန် - 6/29/2014 09:49:00 AM


‘‘သို့

ရန်ကုန်မြို့နေ၊ မတင်ရွှေထံ

အမေအကြောင်းပြန်လိုက်ပါသည်။

သမီး

ညည်းပေးလိုက်တဲ့၊ စာနဲ့တကွ

ပစ္စည်းလေးများပါ ရပါသည်။

ဆန်ကတစ်အိတ်၊ ငါးပိတစ်ပိဿာ

အမေတို့ တော်တော်လေး

စားသွားရမှာပါ။

မျက်စိမှုန်ပြီး

ရင်တုန်တာက လွဲရင်

အမေလည်းနေကောင်းပါတယ်။

ကျန်းမာပါ၏။

ကျန်းမာပါစေ

အမေတဲ့’’

လွန်ခဲ့သည့် အနှစ်သုံးဆယ် ၀န်းကျင်က ဖြစ်၏။ စာနယ်ဇင်း လောကမှာ ရုပ်ရှင်အောင်လံ မဂ္ဂဇင်း ရွှေရောင်တောက်ပနေစဉ် ကာလ။ လူငယ်ကဗျာဆရာ အ များစုက ရုပ်ရှင်အောင်လံမှာ စုစည်းမိခဲ့ကြ၏။ အထူးသဖြင့် တက္ကသိုလ်ပရိဝုဏ်က ကဗျာဆရာများဖြစ်သည့် ဇောင်းထက်၊ မောင်သာချို၊ မင်းသိုက်မွန်စသူ တို့ ရေးအားကောင်းနေသည့်အချိန်ဖြစ်သည်။ ထိုစဉ်ကာလ မောင်သာချို၏ ကဗျာများက ကာ ရန်လည်းပါ၊ အသံလည်းသာ၊ ရေးပုံလည်း ဆန်းသစ်သဖြင့် သတိပြု၍ စောင့်ဖတ်မိခဲ့၏။ အများစုကို နှစ်သက်ခဲ့သော်ငြားအထက်က ကဗျာကိုဖြင့် စိတ်ထဲမှာ ဘ၀င်မကျချင်ခဲ့။ ရန်ကုန်မှာ နေသည့် သမီးက တောကအမေ့ထံ ဆန်တစ်အိတ်နှင့် ငါးပိတစ်ပိဿာပြန်ပို့ရသည်ဆိုတော့ နည်းနည်းများ စိတ်ကူးယဉ်ဆန်နေ သလားဟု ထင်ခဲ့မိ၏။ ယခုအနှစ်သုံးဆယ်ဝန်းကျင်ရှိလာသောအခါ…။

ဇွန်လ ၁၃ ရက်ထုတ် 7Day သတင်းစာတွင် ထူးထူးခြားခြား  သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ‘‘ဧရာဝတီသို့ ရန်ကုန်မှ ငါးပြန်ပို့နေရ’’တဲ့။ သဘာဝမြစ်၊ ချောင်းတွေ၊ လူဖန်တီးသည့် ရိုးတွေ၊ မြောင်းတွေ သစ်ပင်အမြစ် ဖွာထွက်သလို ပေါများလှသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်အရပ်ကို ရန်ကုန်ကနေ ငါးပြန်ပို့နေသည်ဟူ သည့် သတင်းကလွန်ခဲ့သည့် အနှစ် သုံးဆယ်ဝန်းကျင်က ဖတ်ခဲ့ရသည့် မောင်သာချို့ ကဗျာထဲကလို ရန်ကုန်မြို့နေမတင်ရွှေဟူသည့် သမီးက တောက အမေ့ထံဆန်တစ်အိတ်နှင့် ငါးတစ်ပိဿာပြန်ပို့ပေးရသည့် အဖြစ်နှင့်တူနေသည်။  သည်သတင်းက သဘာဝ အရင်းအမြစ်တွေကို ပရမ်းပတာ၊ ဗုံးပေါလအော လုပ်ပစ်နေသည့် ကိုယ့်နိုင်ငံ အုပ်ချုပ် သူများနှင့် နိုင်ငံသူ၊ နိုင်ငံသား တွေကို သတိပေးခေါင်းလောင်း ထိုးလိုက်သည့် သတင်းတစ်ပုဒ် ဟုပင် ဆိုချင်သည်။

သစ်တောတွေလည်း ကုန် သလောက်ရှိခဲ့ပြီ။ မြေကြီးထဲက သတ္တုတွေ၊ ဓာတ်ငွေ့တွေ၊ ရေနံ တွေလည်း မြော့မြော့ပဲ ကျန် တော့၏။ စပီရူလိုင်းနားဟုခေါ် သည့် စိမ်းပြာရေညှိကတော့ တွင်း တောင်ဒေသမှာ ယခုနှစ်မှစ၍ လုံးဝမထွက်တော့ဟု သိရသည်။ နှမြောစရာကောင်းလိုက်တာ။ ရတနာတွေ ရတနာတွေ။ သဘာဝက ပေးခဲ့သည့် ရတနာတွေ။ ပတ္တမြား၏ တန်ဖိုးကို ကျီးမိုက်တွေ မသိသလို တန်ဖိုးမသိ သူတို့၏ လက်ထဲတွင် သဘာဝ၏ ရတနာတွေ တန်ဖိုးမရှိဖြစ်ကြရကုန်၏။

ယခုလည်း သဘာဝမြစ် ချောင်းအင်းအိုင်ပေါများလှသည့် မြစ်ဝကျွန်းပေါ်အရပ်ကို ရန်ကုန် ဗဟိုစံပြငါးဈေးကြီးက ငါးတွေ ပြန်ပို့ပေးနေရပြီတဲ့။ ငယ်ငယ် တုန်းက လူကြီးတွေပြောကြသည့် စကားခဏခဏ ကြားခဲ့ဖူးသည်။ ‘‘ပေါတုန်းစားထားကြဟဲ့။ နောင် ကျရင် ကုလားနဲ့ ငါးအရုပ်ရေးပြ ရလိမ့်မယ်’’တဲ့။ ကုလားကတော့ မဆိုတတ်။ ငါးတွေ၊ ပုစွန်တွေ ကတော့ အရုပ်ရေးပြရလောက် သည်။

ငါးသလောက်အကောင် ကြီးကြီး၊ ပုစွန်တုပ်အကောင်ကြီး ကြီး ဈေးထဲမှာ မတွေ့ရတော့။ ကျွန်တော်တို့ငယ်စဉ်က ခုလို မိုး တွင်းဆို အိမ်နောက်ဘက် လယ် ကွင်းထဲကိုင်းတံ လေးငါးချောင်း ဖြင့် သွားထောက်လျှင် နာရီဝက်၊ တစ်နာရီလောက်နှင့် တစ်ဟင်း စားရသည်။ ပုစွန်တုပ်ဆိုလျှင် တော်သလင်းလလောက် စပါးပင်တွေ စိမ်းမှောင်နေချိန်၌ လယ် ကွက်ထဲဆင်းပြီး စပါးပင်ခြေရင်း လိုက်စမ်းရုံဖြင့် ဆယ့်လေးငါး ခြောက်ကောင်လောက်ကို ခဏနှင့်ရသည်။ ယခုတော့ သည်လိုဆင်း စမ်းလည်း ဘာပုစွန်တုပ်မှ မရ တော့သလို ဆင်းစမ်းခွင့်လည်း မရှိတော့။ ကိုင်းထောက်ခွင့်လည်း မရှိတော့သလို ကိုင်းထောက် လည်း ဘာငါးမျှ မိမည်မဟုတ်ပေ။

အကြောင်းကား ယခင်က ရွာစားချောင်းအဖြစ် ပလပ်ထား သော ချောင်းငယ်ကလေးများက အစ ယခုလေလံချောင်းတွေ ဖြစ် ကုန်ပြီ။ ယခင်ရွာစားချောင်းဘ၀ က ရွာသားတွေ ဘယ်လောက် ရှာရှာ ကွန်တစ်လက်၊ ဒိုင်ကွင်း တစ်ခု၊ စူးတစ်ချောင်း၊ အုပ် ဆောင်းတစ်ခုထက် မပို။ လယ် ကွင်းထဲ ကိုင်းဘယ်လောက် ထောက်ထောက် ကိုင်းတံ ၅၀ ထက် မပို။ ဘယ်သူမှ ချောင်းကို ဖြတ်ပိတ်ပြီး ပိုက်စိပ်တိုက် ရှာခွင့် မရှိ။ လေလံချောင်းများဖြစ်သွား သည့်အခါ လေလံဆွဲသူတို့က နိုင်ငံတော်ကို ပေးသွင်းရသည့်အ ခွန်က နည်းနည်း၊ ဆိုင်ရာပိုင်ရာ တွေကို ပူဇော်ပသရသည်က များများဆိုတော့ အာဏာရှိသူတို့ နှင့် လက်ဝါးချင်းရိုက်ကာ လေလံချောင်းနှင့် ဆက်စပ်နေသည့် ရေနယ်နိမိတ် အားလုံးကို မည်သူမျှငါးမဖမ်းရဟု ကန့်သတ်ပစ်လိုက်သည်။

ပြီးမှ လေလံဖိုးအပါအ၀င် စွန့်ကြဲထားရသမျှ အဖိုးအခ အားလုံးကျေအောင် ချောင်းကိုလည်း  ယင်းအထပ်ထပ် ပိတ်ဆို့ပြီးဖမ်း​ သည်။ ရိုးလက်တက်ကလေးများမှစ၍ လယ်ထဲမှ ရေထုတ်သည့် ကတွတ်ပေါက်ပါမကျန် ပိတ်ဆို့ပြီး ငါးမှုန်ငါးမွှားလေးများပါ အလွတ်မပေးတမ်း ဖမ်းတော့၏။

‘‘ငါးမဖမ်းရကာလ’’ ဆိုတာ စာရွက်ပေါ်မှာသာ ရှိသည်။ပြက္ခဒိန်ထဲမှာပဲ ရှိသည်။ အပြင်မှာတော့ ဆိုင်ရာတာဝန်ရှိသူတို့ နှင့် နားလည်မှုယူကာ ဖမ်းလာခဲ့ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သည်တော့ ချောင်း တွေ၊ မြောင်းတွေထဲ ငါးမှုန်ငါးမွှားကအစ ရှားပါးလာတော့၏။ သည်နှစ်ဆိုလျှင် ယခုလို အချိန်ပေါပေါလောလော စားရသည့် ကဏန်းလှော်များပင် အရပ်ထဲ လိုက်ပြီးအော်ဟစ် ရောင်းချတာ မတွေ့ရပါလေပြီ။

‘‘ငါးရစ်ငါးသန်၊ ဘေးမဲ့ချန်၊ ပုံမှန်စားသုံး၊ မျိုးမတုံး’’ ‘‘ဥနှင့် ငါးကို ပွားစေလို ဖမ်းကို မဖမ်းနှင့်’’ စသည်တို့ကား ငါးလုပ်ငန်းဦးစီး ဌာန၏ ဆောင်ပုဒ်များ ဖြစ်၏။ သို့ သော် ယခုလိုရာသီမြစ်ဝကျွန်း ပေါ်အရပ်က မြို့တစ်မြို့မြို့၏ ငါးစိမ်းတန်းတစ်ခုလောက်ကိုပဲ တက်ကြည့်လိုက်ပါ။ ငါးတန်ဥတွေ၊ ငါးပုတ်သင်ဥတွေ အပုံ လိုက်ရောင်းချနေတာကို တွေ့ရ ပါလိမ့်မည်။ ငါးတန်ဥသေးသေး လေးတစ်ခုက လူ ၂၀၊ ၃၀ စားလို့ ရသည့် ငါးတန်ကြီးတစ်ကောင် ဖြစ်လာနိုင်သည်။ ငါးပုတ်သင် ဥများမှ ငါးပုတ်သင်အကောင် ပေါင်းများစွာ၊ ထိုငါးပုတ်သင်များ မှ နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင် သည့် ငါးပုတ်သင်ပေါင်းများစွာ ရနိုင်သည်ဆိုတာ မည်သူမျှ တွေး မကြည့်ကြ။ တာဝန်ရှိသူကလည်း  မသိကျိုးကျွံပြုထားသလို ဖမ်းဆီး သူကလည်း ဘယ်ငါးရစ်၊ဘယ်ငါး သန်၊ ဘယ်ဥနှင့် ငါးမျှဘေးမဲ့ချန် မထား။ မြစ်ကြောင်းတစ်လျှောက် ပိုက်တွေ အထပ်ထပ်၊ တံငါလှေ တွေက အဆင့်ဆင့်။

သည်လိုနှင့် နှစ်တွေကြာလာ တော့ မြစ်ဝကျွန်းပေါ်အရပ်က မြစ်တွေ၊ ချောင်းတွေထဲ ငါးကြင်း တွေလည်း မဆန်နိုင်၊ ငါးတန်တွေ လည်း မမြူးနိုင်တော့။ နာဂစ်မုန် တိုင်းတိုက်ပြီးစက စစ်အစိုးရ၀န် ကြီးတစ်ပါးပြောတာ သတိရမိ၏။ ‘‘မြစ်ဝကျွန်းပေါ်အရပ်ဆိုတာ တစ်သက်လုံး ဖားရှာ၊ ငါးရှာ စား လာတာ။ ရေရှိရင် ငါးရှိတာပဲ။ ဘာမှ ငတ်စရာမရှိဘူး။ ဘာအ ကူအညီမှ မလိုဘူး’’ ဟူ၏။ ကလေးတွေစကား ခဏငှားသုံးရလျှင် အ၀ှာကျယ်တာပဲ ဖြစ်သည်။ ယခုရေရှိတိုင်း ငါးမရှိတော့။ ယခင်က မိုးရာသီဆိုလျှင် ကျွန်တော်တို့လို မြို့စွန်ရပ်ကွက်များရှိ အိမ်တိုင်းလိုလို၏ အောက်တွင် တစ်မိုးတွင်းလုံး ရေရှိ၏။ ငါးရံ့၊ ငါးခူစသော ငါးများကို အိမ်ကြမ်းပေါက်မှ ငုံ့ ကြည့်လျှင်ပင်တွေ့နိုင်သည်။ ယခုမူ ငါးခေါင်းတိုလို ငါးမျိုးပင် မတွေ့ရတော့။

သည်အတိုင်းဆက်သွား၍ နောင်နှစ် ၂၀ လောက်ကြာလျှင် ‘‘ငါးဆိုတာ ဟောသလို အကောင် မျိုးကွ’’ ဟု ကလေးတွေကို ကြမ်း ပြင်ပေါ်မှာ မီးသွေးခဲနှင့် အရုပ်ဆွဲ ပြရလိမ့်မည်ထင်သည်။ ဤအ ဖြစ်မျိုး မရောက်ရအောင် သက် ဆိုင်ရာ တာဝန်ရှိသူတို့ကလည်း တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လက်နက်သဖွယ် အသုံးချလျက် အောက်ဆိုက်မရှာဖို့ လိုပါသည်။ ငါးဖမ်းခြင်းဖြင့် အသက်မွေးသူ များကလည်း ချမှတ်ထားသော စည်းကမ်းဥပဒေများကို အပြည့် အ၀လိုက်နာဖို့ လိုပါသည်။ လိုက် နာလာအောင်လည်း ပညာပေး ခြင်း၊ အရေးယူခြင်းများ ပြုလုပ်ဖို့ လိုပါသည်။ ထို့အပြင် ယခင်ရွာ စားချောင်းအဖြစ် သတ်မှတ်ထား သော ချောင်းငယ်များကိုလည်း လေလံချောင်းအဖြစ်မှ ပြန်လည် ပလပ်ပေးဖို့ လိုပါသည်။ ကျွန်တော်တို့ စားသုံးသူများကလည်း ငါးဥ စားသုံးခြင်း၊ အလေ့အထများ ဖျောက်ဖျက်ပစ်ဖို့ လိုပါသည်။ တန်ဖိုးရှိလှသော ငါးသယံဇာတ များ မပြုန်းတီးရေးအတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါသည်။

ဤသို့မဟုတ်လျှင်ဖြင့် မောင်သာချိုကဗျာထဲကလို ဆန် တစ်အိတ်နှင့် ငါးပိတစ်ပိဿာ သာမက ငါးရံ့ခြောက်ကလေး တစ်ဆယ်သားလောက်ပါ မြို့ကြီး ပြကြီးကနေ မြစ်ဝကျွန်းပေါ်ရွာ ကလေးဆီ ပြန်ပို့ရသည့် နေ့ရက် မျိုးသို့  မလွဲမသွေရောက်ရှိလာ လိမ့်မည်ဟုသာ ပြောလိုပါသည်။

7day