မြိတ်မြို့တွင် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီး

ပို့စ်တင်ချိန် - 6/29/2014 11:44:00 AM


၂၀၁၄ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် မြိတ်မြို့နယ်တရားရုံးအတွင်း တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းဖြစ်သူကို
သွားရောက်တွေ့ဆုံပြီး ပြန်လာသော ဒေါ်ဝင်းဝင်းသန်း ဆိုသူအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

“တရားရုံးရှေ့မှာ တရားခံလို့မသတ်မှတ်ရသေးတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ ဝင်တွေအနေနဲ့ ရိုက်နှက်ဖမ်းဆီးလို့ ရပါသလား။
ဖမ်းဆီးတဲ့ပုဒ်မက ၄၂၀ ပါ လူသတ်မှု၊ဓါးပြမှု မို့လို့ လူရှေ့သူရှေ့မှာ ရိုက်တာလား။ ရိုက်တဲ့အထဲမှာ ရဲဝန်ထမ်းမဟုတ်တဲ့
အမျိုးသမီးတောင်ပါသေးတယ်။ အမျိုးသမီးရဲဝန်ထမ်းတစ်ယောက်ကို မေးတော့ အထက်ကခိုင်းလို့လုပ်ရတာတဲ့ အခု
အရိုက်ခံရတဲ့ အမျိုးသမီးက ဆေးကုသမှုခံယူနေရတယ်လို့ ကြားမိပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ပြောပြခဲ့သည်။

ဗိုလ်ကြီးစိုးဝင်းအောင်(ငြိမ်း) ထံမှ ငွေကျပ် ၄၄၅ သိန်းကို ၂၀၀၈ ခုနှစ်တွင် ဒေါ်ဝင်းဝင်းသန်း ကချေးယူခဲ့ပြီး၊ ၂၀၁၂ ခုနှစ်အထိ
အရစ်ကြစနစ်ဖြင့် ငွေကျပ် ၁၀၉၅ သိန်း လေးသောင်း ပေးသွင်းခဲ့ကြောင်းသိရသည်။ ၂၀၁၄ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင်
မြို့နယ်ရဲစခန်းမှ ဗိုလ်ကြီးစိုးဝင်းအောင်(ငြိမ်း)၏ တိုင်ကြားထားခြင်းကြောင့် လာရောက်ဖြေရှင်းပေးပါရန် အကြောင်းကြားစာ
ပေးပို့ထားသောကြောင့် ဒေါ်ဝင်းဝင်းသန်း မှ သွားရောက်တွေ့ဆုံပြီး ငွေပေးသွင်းပြီးကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု
သိရသည်။

“ဇွန်လ ၁၆ရက်နေ့က မြို့နယ်ရဲစခန်းက စခန်းကိုလာခဲ့ပါဦး ဆိုပြီးတယ်လီဖုန်းနဲ့ဆက်တယ်။ကျွန်မတို့က တရားရုံးခေါ်စာနဲ့
တရားဝင်ခေါ်မှ လာမယ်လို့ပြောလိုက်ပါတယ်။ တစ်ကယ်လို့ဖမ်းချင်တယ်ဆိုရင် အိမ်မှာ လာဖမ်းပေါ့။အခုလို လမ်းမှာ
ရိုက်နှက်ဖမ်းဆီးတာတော့ မဖြစ်သင့်ပါဘူးအရိုက်ခံရလို့ ဒဏ်ရာရတော့ ဆေးရုံကိုသွားပြတာ ဆေးရုံကလက်မခံပါဘူး
ရဲမှုခင်းဖြစ်လို့ ရဲဆေးစာပါမှ ခွင့်ပြုမယ်ပြောပါတယ်။ကျွန်မခု အပြင်ဆေးခန်းမှာပဲ ကုသနေရပါတယ်”ဟု ဒေါ်ဝင်းဝင်းသန်း မှ
ပြောသည်။

ဒေါ်ဝင်းဝင်းသန်းမှာ ရိုက်နှက်ခံရမှုကြောင့် မျက်နှာတစ်ခြမ်းဖူရောင်၊လက်အရိုးအက်ဒဏ်ရာများရရှိခဲ့ပြီး ယခုအချိန်အထိ
ဦးခေါင်းမူးနောက်နေကြောင်းသိရသည်။အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ မြိတ်မြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်
မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပါဘဲ ဖုန်းချပစ်ခဲ့သည်။

ချမ်းမင်းဟန်

The Myanma Age