ဗိုလ်ချုပ်အောင်ဆန်းနောက်ပိုင်း သက္ကောဂုဏ် နှင့်ပြည့်စုံသူ ခေါင်းဆောင် မရှိခဲ့ဟု ရွှေည၀ါ ဆရာတော်မိန့်ကြား

ပို့စ်တင်ချိန် - 6/29/2014 09:16:00 PM


 မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်း မေတ္တာသုတ်ပါ သက္ကောဂုဏ်နှင့် ပြည့်စုံသူ
 ခေါင်းဆောင် တစ်ယောက်မျှ မရှိခဲ့ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက ဇွန်လ
 (၂၈) ရက်နေ့က Sule Shangri La Hotel တွင် ပြုလုပ်သော မေတ္တာ အကြောင်း ဆွေးနွေးပွဲတွင် မိန့်ကြား သည်။

 မေတ္တာသုတ်တွင် ပါသော သက္ကောဂုဏ်ဆိုသည်မှာ အစွမ်းအစရှိသူ၊ ရိုးသား ဖြောင့်မတ်သူ၊ မေတ္တာတရားနှင့် ပြည့်စုံသူကို ဆိုလိုကြောင်း ရွှေည၀ါ ဆရာတော် က မိန့် ကြားသည်။ နိုင်ငံရေးမှာ ဝေဖန် စရာရှိရင် အားနာစရာ မလိုဘူး။ ဗိုလ်ချုပ်ရဲ့ နောက်မှာ သက္ကောဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတဲ့ သူက ကိုယ်တော် တစ်ပါးတည်း အမြင်အရ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်း က ပြောတဲ့ အတိုင်း လုပ်တတ်တယ်။

မီးရှူး တန်ဆောင် ခေါင်းဆောင် တစ်ယောက်၊ လုပ်တ အတိုင်းလည်းပြောတယ်။ ဒါကြောင့်မို့လို့ သက္ကောဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံတယ် ဟု ရွှေည၀ါ ဆရာတော်က မိန့် ကြားသည်။

 ဗိုလ်ချုပ်အောင်ဆန်းသည် ချစ်မြတ်နိုးထိုက်၊ လေးစားထိုက်သော မမေ့အပ်သော ခေါင်းဆောင် ဖြစ်ကြောင်း၊ ယခင်က တိုင်းပြည် ကျွန်ဖြစ် ရခြင်းသည်လည်း ရဟန်းရှင်လူ ပြည်သူအားလုံး ညံ့၍ ဖြစ်ကြောင်း၊ ရှင်ဘုရင် တစ်ပါးတည်းအား အပြစ်တင်၍ မရကြောင်း၊ ကနောင် မင်းသားကြီးသည် ခေတ်မှီ လက်နက် များ တီထွင်ခဲ့ သော်လည်း မင်းတုန်းမင်းတရားကြီးကြောင့် လေးခွကိုပြန်၍ ဆောင်ခဲ့ရကြောင်း ဆရာတော်က  မိန့်သည်။

အနာဂတ် တွင် သက္ကောဂုဏ်နှင့် ပြည့်စုံသော ခေါင်းဆောင်ကို ခန့်မှန်းရန်စော သေးကြောင်းလည်း ရွှေည၀ါ ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။ ထို့အပြင် လက်ရှိ အစိုးရ ၀န်ကြီးတချို့၏ ပြောစကားများသည် ပြည်သူသို့ ပြောရာတွင် မယဉ်ကျေးသောကြောင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ပြန်သင်ရန် လိုကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

 ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ပြဿနာ အဟောင်းတွေပါ။ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ ဖြစ်လာတဲ့ ဟာတွေပါ၊ ဒီပြဿနာ တွေကို ပြဿနာပါလို့ ဘယ်သူမှ ၀န်မခံခဲ့ကြဘဲ မျက်စိမှိတ်ပြီးတော့ ကျွန်မတို့ တိုင်းပြည်မှာ  ဘာဆိုဘာမှ မဖြစ်သယောင် အားလုံး မျက်စိ စုံမှိတ်ခဲ့ကြပေမယ့် ဒီနေ့ ငြင်းမရတော့ပါဘူး ဟု စာရေးဆရာမ မသီတာ (စမ်းချောင်း)က ပြောသည်။

 မြန်မာနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ် ကျော်သော ကာလ၌ စစ်အစိုးရမှ အုပ်ချုပ်ခဲ့ကာ ပြည်သူများသည် အကြောက်တရားနှင့် သာ ရပ်တည်ခဲ့ကြရကြောင်း မေတ္တာအကြောင်း ဆွေးနွေးပွဲတွင်  ဆွေးနွေးခဲ့သူများက  ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ထွန်းကားပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရင်း၊ တိုင်းပြည် အုပ်ချုပ်သူများက ပြည်သူအပေါ် ကြင်နာရန် လိုအပ်ကြောင်းလည်း အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြသည်။


The Messenger News Daily