“ကြောက်လို့ သေတော့မယ်”ဟူသော စကားကို သိပ္ပံနည်းအရ လက်တွေ့ သက်သေပြနိုင်

ပို့စ်တင်ချိန် - 6/29/2014 09:17:00 PM



သန်းထိုက်စိုး

အလွန်အမင်း ထိတ်လန့်စရာ ကြုံရသည့်အခါ “ကြောက်လို့ သေတော့မယ်”ဆိုတာမျိုး ပြောတတ် ကြသည်။ ထိုစကား အတိုင်းပင် ကြောက်စရာ၊ ထိတ်လန့်စရာ၊ စိတ်ဖိစီးစရာများ နဲ့ ကြုံရခြင်းသည် အသက်ကို တကယ် တိုစေကြောင်း သိပ္ပံပညာ အရလည်း သက်သေ ထုတ်ပြနိုင်ပြီ ဖြစ်သည်။

လေ့လာမှုအသစ် တစ်ရပ်အရ လူကို ကြောက်စေ စိတ်ဖိစီးစေသည့် ဟိုမုန်း များများ ထွက်လေ သွေးတွင်းသို့ ဘက်တီးရီးယားများ ပို ရောက်လာလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားများသည် သွေးလွှတ် ကြောနံရံ များတွင် ကပ်တွယ် နေတတ်ကြသည်။ စိတ်ဖိစီးစေ ကြောက်စေသည့် ဟိုမုန်းများ ရုတ်တရက် ထွက်လာသည့် အခါ ထိုဟိုမုန်းများ၏ လှုံ့ဆော်မှုကြောင့် ဘက်တီးရီးယား များ နံရံမှ ကွာကျကာ သွေးကြော အတွင်းသို့ အစုအပြုံလိုက် ၀င်ရောက် မျောပါ သွားကြသည်ကို လေ့လာတွေ့ရှိ ထားသည်။ ထိုအခါ သွေးကြော ပိတ်ဆို့မှုများ ဖြစ်ပွားပြီး နှလုံးကို ဒဏ်ဖြစ်စေကာ နောက်ဆုံးတွင် နှလုံးရောဂါ ဖြစ်ပွား လာရတော့သည်။

လေ့လာမှု စစ်တမ်းကို အမေရိကန် အဏုဇီဝ ဗေဒအသင်းကြီးက ထုတ်ဝေသည့် mBio ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

““ဗြုန်းစားကြီး ထိတ်လန့် သွားတာမျိုး၊ ကြီးကြီးမားမား စိတ်ဖိစီးတာမျိုး ဖြစ်လာရင် ကတီချို လမင်းလို့ခေါ်တဲ့ ဟော်မုန်းတွေ သွေးကြောနဲ့ တစ်သျှူးတွေထဲ အများကြီး ၀င်တယ်။ ဟိုမုန်းတွေရဲ့ လှုံ့ဆော်မှု ကြောင့် သွေးလွှတ်ကြော နံရံတွေမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ ဟာ အစုအပြုံလိုက် ကွာကျပြီး သွေးစီးကြောင်းထဲ မျောပါပြီး တစ်နေရာရာမှ တစ်ဆို့သွားတာမျိုး ဖြစ်တတ်တယ်””ဟု လေ့လာမှုတွင် ပါဝင်သော နယူးယောက်မြို့ ဘင်ဟမ်တန် တက္ကသိုလ်မှ ဒေးဗစ်ဒေဗီက ပြောသည်။

မုန်တိုင်း၊ ငလျင်စသည့် သဘာဝ ဘေးကြီးများ ကြုံရသည့် အခါတွင် လည်းကောင်း၊ ယာဉ်တိုက်မှု ကြုံရသည့်အခါ၊ ချစ်ခင်ရသူ တစ်ယောက်ယောက် သေဆုံးသည့် အခါတွင် လည်းကောင်း နှလုံးဖောက်ပြန် တတ်ခြင်းမှာလည်း အလားတူ သဘောဖြစ်သည်။ ထိုသို့ အလွန်အမင်း ကြောက်စရာ စိတ်ဖိစီးစရာ ကြုံလာရသည့်အခါ နှလုံးကြွက်သားများသည် ပုံမှန်ထက်ပို၍ အလွန်အမင်း ပွဖောင်း တက်လာသည်။ ထိုအခါ ကြွက်သားများ၏ ကျစ်လျစ်သော ညှစ်အားဖြင့် အလုပ်လုပ်သော နှလုံးသည် ပွဖောင်းကာ ညှစ်အားလျော့ပြီး ပုံမမှန်ဖြစ်ကာ နှလုံးဖောက်ပြန်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

Source: Daily Mail

The Messenger